၂၆.၃.၂၀၂၆
Written by NYL
“အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ” ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းတို့ကို တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ မတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
“အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ” ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအဖွဲ့ဝင်များ၏ လျာထား အမည်စာရင်းများကို မတ်လ ၂၄ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ကျင်းပသည့် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် “အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ” လျာထားအမည်စာရင်းများကို အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းတို့ကို တာဝန်ပေးအပ်ခဲ့ပြီး ကော်မတီဝင်များအဖြစ် ပဲခူးမဲဆန္ဒနယ်မှ ဦးမင်းခန့်ကျော်၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးခင်မောင်ထွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးအောင်လင်းလှိုင်၊ ကျွန်းစုမဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်း၊ ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၊ တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်၊ တောင်ငူမဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းဌေး၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စိုး၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှနိုင်တို့ကို တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ” သည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်ကြောင်း သိရသည်။
