၂၆.၃.၂၀၂၆
Written by NYL
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးရှိသည့်အနက် ၃၇၀ ဦး အစည်းအဝေးတက်ရောက်ခဲ့ပြီး သုံးဦး ခွင့်ပန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် “လွှတ်တော်အခွင့်အရေးကော်မတီ” ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း၊ အတွင်းရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးတို့ဖြင့် တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက အတည်ပြုကြေညာခဲ့သည်။
“လွှတ်တော်အခွင့်အရေးကော်မတီ” ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအဖွဲ့ဝင်များ၏ လျာထား အမည်စာရင်းများကို မတ်လ ၂၄ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်သည်။



ထို့ကြောင့် ယနေ့ကျင်းပသည့် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် “လွှတ်တော်အခွင့်အရေးကော်မတီ” လျာထားအမည်စာရင်းများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်အခွင့်အရေးကော်မတီ” တွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ အတွင်းရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးတို့ကို တာဝန်ပေးအပ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်များအဖြစ် တောင်ငူမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဦး၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၊ မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး (ခေါ်) ဦးအောင်ဇော်မိုးထွန်း၊ ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဒေါ်သိင်္ဂီမြင့်ရည်၊ ဖျာပုံမဲဆန္ဒနယ်မှ ဒေါ်စိုးစိုးရီ၊ မင်းတုန်းမဲဆန္ဒနယ်မှ ဦးစိုးနိုင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောဝင်းထွန်း၊ ဝါးခယ်မမဲဆန္ဒနယ်မှ ဦးသန်းနိုင်၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၊ ခန္တီးမဲဆန္ဒနယ်မှ ဦးဂုဏ်ဝမ်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်ရဲကျော်သူ၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်သောင်းလင်းတို့ကို တာဝန်ပေးအပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“လွှတ်တော်အခွင့်အရေးကော်မတီ” သည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်ကြောင်း သိရသည်။
