◾️ပြည်သူအားလုံး ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် တိုင်းနှင့်ပြည်နယ်၊ မြို့ကြီးအသီးသီးအပြင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ ပြုလုပ်မည်
၂၆. ၃. ၂၀၂၆
Written by Nyein Kyaw
ယခု ၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) မဟာသင်္ကြန်ပွဲတော်တွင် နိုင်ငံတစ်ဝန်း၌ လမ်းလျှောက် သင်္ကြန်ပွဲတော်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်၍ အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြရန် စီမံထားရှိကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ယနေ့တွင် အသိပေးကြေညာထားသည်။
ယခုနှစ်သင်္ကြန်အား ယိမ်းအကအဖွဲ့များ ကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်၊ လက်သည်းညှပ်ပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရမပျက် အလှူဒါနပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်အနေဖြင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေပြည်တော်ရင်ပြင်၊ ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ မြို့တော်ခန်းမရှေ့နှင့် ခရိုင်/မြို့နယ်များတွင်လည်းကောင်း၊ မန္တလေးမြို့တွင် နန်းမြို့ကျုံးပတ်ပတ်လည်၊ မိတ္ထီလာကန်ပတ်လည်နှင့် ခရိုင် / မြို့နယ်များတွင်လည်းကောင်း ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ထို့အတူ ကရင်ပြည်နယ် ဘားအံမြို့ ကမ်းနားလမ်း၊ ကန်သာယာရေကန်အနီးရှိ ချစ်သူလမ်းကြား၊ ဇွဲကပင်ပန်းခြံရှေ့တို့တွင် လမ်းလျှောက်သင်္ကြန်နှင့် သဲသောင်ပြင်သင်္ကြန်တို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကန်သာယာ ဗိုလ်ချုပ်လမ်းပေါ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကမ်းနားလမ်းတစ်လျှောက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် လည်းကောင်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ ဆောင်ရွက်ပြီး ခရိုင်နှင့် အမြို့မြို့အနယ်နယ်တွင်လည်း သတ်မှတ်နေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ခရိုင်/မြို့နယ်အသီးသီးတို့တွင်လည်း လမ်းလျှောက်သင်္ကြန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ယခုနှစ်ကျင်းပမည့်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအတူ ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွ ဆင်နွှဲကြမည့် အနှစ်သာရရှိသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပြည်သူအားလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် မြို့ကြီးအသီးသီးအပြင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ ပြုလုပ်ပြီး နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များ၊ ဒေသခံအဆိုတော်များဖြင့် ဖျော်ဖြေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုက်တွန်းအသိပေးထားသည်။
