




၂၆.၃.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ မင်္ဂလာဒုံစက်မှုဇုန်ဝင်းထဲမှာ ဒီကနေ့ မတ် လ၂၆ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level -2 အဆင့် ခေါ်ယူငြှိမ်းသတ်ရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မတ်လ ၂၅ ရက် ည သန်းခေါင်ကူးစ မတ်လ ၂၆ ရက် မနက်အစောပိုင်း အချိန်ဖြစ်တဲ့ ၁၂ နာရီ ၁၀ မိနစ် အချိန်ခန့်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ မီးလောင်ကျွမ်းခဲ့တဲ့ နေရာက စက်မှုဇုန်ဝင်းထဲက ဓာတ်အားခွဲရုံလို့ သိရပါတယ်။ အဆိုပါ ဓာတ်အားခွဲရုံ လောင်ကျွမ်းပေါက်ကွဲမှု အသေးစားဖြစ်ပွားပြီး ကိုက် ၁၀၀ ပတ်လည်အတွင်းရှိ မှန်ဘီလူးထုတ်လုပ်တဲ့ စက်ရုံစီ ဂိုဒေါင်ကနေစတင်ကာ ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကို ညသန်းခေါင်ကျော် ၁၂ နာရီ ၁၅ မိနစ်အချိန်ကတည်းက Level -1 အဆင့် ခေါ်ယူငြှိမ်းသတ်ခဲ့ကာ ၁၂ နာရီ ၅၀ မိနစ်အချိန်မှာတော့ Level -2 အဆင့် ခေါ်ယူငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ် ။
အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သန္ဓေ၊ အရန် မီးသတ်ဝင်တွေ၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေက ပူးပေါင်းငြှိမ်းသတ်ပေးခဲ့ကြပြီး အချိန် ၂ နာရီကျော် ငြှိမ်းသတ်အပြီး မနက် ၂ နာရီ ၂၈ မိနစ် အချိန်ခန့်မှာ မီးထိန်းနိုင်ခဲ့ကာ မနက် ၃ နာရီ ၃၃ မိနစ် အချိန်မှာတော့ မီးငြိမ်းတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ဇေကမ္ဘာစက်မှုဇုန်ဝင်းထဲက Speed အချိုရည် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး Level 2 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရပါသေးတယ်။
