
၂၆.၃.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ဆိုင်ကယ်များလိုက်လံခိုးယူသည့် အမျိုးသားလေးဦး ပါဝင်သော အဖွဲ့ကို ရဲတပ်ဖွဲ့က မတ်လ ၂၅ရက်တွင် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဆိုင်ကယ်ခိုးမှုကျူးလွန်ဖူးသည့် အမျိုးသားတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ကျန်ရှိသော ကျူးလွန်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်ခိုးယူခဲ့သော အမျိုးသားလေးဦးမှာ တာချီလိတ်မြို့နယ်အတွင်းရှိ ဆိုင်ကယ် ၆ စီးကို ခိုးယူခဲ့ခြင်းဖြစ်ပြီး ခိုးရာပါဆိုင်ကယ်များကိုပါ သိမ်းဆည်းရမိခဲ့သည်။
ဆိုင်ကယ်များခိုးယူခဲ့သည့် ဆောင်းဦး(ခ)သားပု၊ ဝေယံထိုက်(ခ) နေမျိုးဦး၊ ကျော်ဇင်ထွေး(ခ)ကပ္ပလီနှင့် ထက်နိုင်ဆွေ(ခ) ထူးထူးတို့ကို တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
