






နေမိုး
၂၅. ၃. ၂၀၂၆
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစ ကရင်နယ်မြေ၊ ကော်ဘရာစစ်ကြောင်း (၁) က PDF တွေကို ထမင်းချက်ကျွေးတဲ့ စားဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပြီး တပ်ဖွဲ့ဝင် PDF တွေက မာမီလို့ခေါ်တဲ့ PDF အိုးသူကြီးအမျိုးသမီးနဲ့ PDF နှစ်ဦးအသုဘကို ဒီနေ့ မြေချလိုက်ပါတယ်။
မာမီရွှေမန်းလို့ ကော်ဘရာ PDF တွေခေါ်ပြီး ဝမ်းနည်းတသနေတဲ့ အိုးသူကြီးအမျိုးသမီးမစန္ဒာဟာ မတ်လ ၂၄ ရက်မှာ ကျရောက်တဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့မတိုင်ခင် မတ်လ ၂၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ရဲဘော်ဘုန်းကြီး၊ ရဲဘော်ခင်မောင်တို့နဲ့အတူ သုံးလောင်းပြိုင်သေဆုံးခဲ့ပေမဲ့ ကော်ဘရာ PDF တွေကတော့ မာမီရွှေမန်းအတွက်ပဲ ဝမ်းနည်းနေတာ တွေ့ရပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရမှူလို့ အကြမ်းဖျဥ်းသိရပါတယ် ခင်ဗျ” လို့ NLD အမတ်ဟောင်း ဝိုင်းချစ်အောင်က ဆိုပါတယ်။
မာမီရွှေမန်းဟာ ရှေ့တန်းစားဖိုဆောင်အနီးမှာပဲ ဦးခေါင်းထိ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ သူမဟာ မူလက တာဖိုးခီးသင်တန်းဆင်း ဆေးတပ်သားဖြစ်ပေမဲ့ လင်ဖြစ်တဲ့ PDF ကိုလတ်နဲ့အတူ ကော်ဘရာ PDF တွေအတွက် အိုးသူကြီးအဖြစ် လေးနှစ်ကျော် တာဝန်ယူခဲ့တာမို့လို့လည်း ကော်ဘရာ PDF တွေဟာ ဝမ်းနည်းမဆုံးဖြစ်နေကြပါတယ်။
ပုံစာ။ သေဆုံးသွားသူသုံးဦး၏ ယနေ့ အသုဘချ မြင်ကွင်း (Photo – Than Lwin Khet & Others)
