



၂၅. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြပြီး အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
စစ်ရေးပြလေ့ကျင့်မှုတွင် လေအိတ်ပုလွေတပ်စု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ဂုဏ်ပြုမြင်းစီးတပ်ခွဲ၊ ယန္တရားစစ်ကြောင်းများ၊ စစ်ကြောင်း(၇)ကြောင်းမှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းကြီးသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများကို အားမာန်အပြည့်အဝဖြင့် သီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အလံတော်အဖွဲ့နှင့် စစ်ရေးပြစစ်ကြောင်းများ၊ ယာဉ်ယန္တရားများ၏ စစ်ရေးပြကွင်းအတွင်း ချီတက်ဝင်ရောက်နေရာယူမှုများ၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြမည့် ဧည့်သည်တော်ကြီးများအတွက် ထိုင်ခုံနေရာချထားမှုများ၊ မြင်းစီးတပ်ခွဲနှင့် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုများအား ဦးစွာကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက် အုပ်ဖွဲ့ပျံသန်းလေ့ကျင့်မှုများ၊ အလံတော်အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြအလံများ၊ စစ်ရေးပြလက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှု၊ စစ်ရေးပြတပ်ခွဲ အသီးသီး၏ စစ်ရေးပြလှုပ်ရှားမှုများနှင့် ဂုဏ်ပြုအမြောက်တပ်ဖွဲ့တို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အထူးတာဝန်တပ်ဖွဲ့ဝင်များ၊ ယာဉ်ယန္တရားများ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။
