၂၆.၃.၂၀၂၆
Written by Linn Eain
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို မတ် ၂၆ ရက်၊ နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို အတည်ပြု ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၃ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့် ဖြစ်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။




ထို့နောက် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ဥပဒေကြမ်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဧရာ၀တီတိုင်းဒေသကြီး မဲအများဆုံးရသူ အနိုင်ယူစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦး၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်တို့ကို တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ဆက်လက်၍ အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ပြည်သူ့ငွေစာရင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့ကို တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ထို့နောက် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲအများဆုံးရယူအနိုင်ယူစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်တို့ကို တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ယင်းနောက် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဦးတို့ကို တာဝန်ပေးအပ် အတည်ပြုဖွဲ့စည်းကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။




