နေမိုး
၂၆. ၃. ၂၀၂၆
နေအိမ်မှ အခြားရွာသို့သွားသည့်အမျိုးသားတစ်ဦးအား PDF များ သတ်ဖြတ်ထားသဖြင့် အလောင်းအဖြစ်သာ ပြန်တွေ့ရမှု ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၂၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး ရွာငံ-အောင်ပန်းကားလမ်း မိုင်တိုင်အမှတ် ၅၂ မိုင် ၂ ဖာလုံ၌ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ် ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရွာငံမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးကျော်ဟန်သန့်(ခ)သားထွေး(၄၅)နှစ်သည် မြစေတီကျေးရွာသို့ ထွက်ခွာသွားခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုဝင် များက လိုက်လံရှာဖွေခဲ့ရာ ညောင်ကုန်းကျေးရွာအနီး၌ PDF များက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်ဟန်သန့်(ခ)သားထွေးအား သေဆုံးလျက်တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
