သက်တံ့
၂၆. ၃. ၂၀၂၆
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာပေါ်မှာပထမဆုံးအဖြစ် အမျိုးသားအဆင့် စွမ်းအင်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ရုရှားရေနံစိမ်း စည်ပေါင်း ၇ သိန်းကျော် တင်ဆောင်လာတဲ့ သင်္ဘောတစ်စီး ဖိလစ်ပိုင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက AFP ကို မတ်လ ၂၆ ရက် (ကြာသပတေးနေ့) မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ ESPO ပိုက်လိုင်းက အရည်အသွေးမြင့် ရေနံစိမ်းတွေ တင်ဆောင်လာတဲ့ Sierra Leone အလံစိုက် Sara Sky သင်္ဘောဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရောက်ရှိခဲ့တာပါ။ အဆိုပါ ရေနံတွေကို လက်ခံမယ့်သူဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တစ်ခုတည်းသော ရေနံချက်စက်ရုံကို လုပ်ကိုင်နေတဲ့ Petron Corp ဖြစ်ကြောင်း စာရွက်စာတမ်းတွေအရ သိရတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုခွင့်မရှိတဲ့အတွက် အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုပါတယ်။
အမေရိကန်-အစ္စရေးတို့နဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို တစ်စိတ်တစ်ပိုင်း ပိတ်လိုက်ရပြီးနောက် ရေနံစျေးနှုန်းတွေ သမိုင်းတင်လောက်အောင် မြင့်တက်နေချိန်မှာ တင်သွင်းဆီအပေါ် အလွန်အမင်း မှီခိုနေရတဲ့ ဖိလစ်ပိုင်ဟာ အမျိုးသားအဆင့် အရေးပေါ်အခြေအနေကို ကြေညာခဲ့ရတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာတော့ AFP သတင်းထောက်တစ်ဦးဟာ Petron ရေနံချက်စက်ရုံတည်ရှိရာ မနီလာမြို့အပြင်ဘက်က Limay ဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားတဲ့ Sara Sky သင်္ဘောကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ငါးနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံဆီကို ပထမဆုံး ရောက်ရှိလာတဲ့ ရုရှားရေနံ တင်ပို့မှုလို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့အပတ်က Petron ရဲ့ CEO ဖြစ်သူ Ramon Ang က ကုမ္ပဏီအနေနဲ့ ရုရှားရေနံ ဝယ်ယူဖို့အတွက် “ဆွေးနွေးမှုတွေ လုပ်နေတယ်” လို့ AFP ကို ပြောကြားခဲ့ဖူးပေမဲ့ ကြာသပတေးနေ့မှာတော့ အဆိုပါ ရေနံသင်္ဘော ရောက်ရှိလာမှုကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုင်ငံတွင်းမှာ လက်ကျန်ရေနံဟာ ၄၅ ရက်စာပဲ ကျန်တော့တာကြောင့် စွမ်းအင်ရရှိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ ပုံမှန်ဝယ်နေကြ ရေနံရောင်းချသူတွေဆီတင်မကဘဲ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲဒဏ် မထိခိုက်နိုင်တဲ့ တခြားအရင်းအမြစ်တွေကိုလည်း ရှာဖွေနေပါတယ်။ ဘယ်နည်းလမ်းကိုမဆို ကျွန်တော်တို့ စဉ်းစားမှာဖြစ်ပြီး လုပ်နိုင်သမျှ အကုန်လုပ်သွားမှာပါ” လို့ သူက အရေးပေါ်အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာလည်း ရုရှားရေနံစိမ်း ရောင်းချမှုအပေါ် ကန့်သတ်ချက်အချို့ကို ဒီလထဲမှာ လျှော့ချပေးခဲ့ပြီး ပင်လယ်ပြင်မှာ ရောက်ရှိနေပြီးသား ရေနံတွေကို ဧပြီလ ၁၁ ရက်နေ့အထိ ဝယ်ယူခွင့် ပြုထားပါတယ်။ Kpler ရဲ့ လေ့လာဆန်းစစ်သူ Muyu Xu ကတော့ အဲဒီအချိန်မှာ ပင်လယ်ပြင်ထဲမှာ ရုရှားရေနံ စည်ပေါင်း သန်း ၁၂၀ ခန့် ရှိနေနိုင်ပြီး အများစုကတော့ တရုတ် ဒါမှမဟုတ် အိန္ဒိယက ကြိုတင်မှာယူထားတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့မှာပဲ ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနဟာ စက်သုံးဆီရရှိရေးအတွက် “ကြိုတင်ပြင်ဆင်မှု” အနေနဲ့ ပီဆို ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၂ သန်း) ရှိတဲ့ အရေးပေါ်ရန်ပုံငွေကို စတင်အသုံးပြုခဲ့ပါတယ်။
စစ်ပွဲကြောင့် သဘာဝဓာတ်ငွေ့ (LNG) တင်ပို့မှုတွေ ထိခိုက်နေပြီး စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် လျှပ်စစ်ခစျေးနှုန်း သက်သာစေဖို့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်မှုကို မြှင့်တင်သွားမယ်လို့ စွမ်းအင်ဝန်ကြီး Sharon Garin က ဆိုပါတယ်။ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှု အများဆုံးဖြစ်တဲ့ ကျောက်မီးသွေးကို ယာယီအားဖြင့် ပိုမိုမှီခိုသွားရမှာ ဖြစ်ပါတယ်။ ကျောက်မီးသွေး အဓိကတင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ဖိလစ်ပိုင်က ပိုမိုဝယ်ယူလိုရင် ကန့်သတ်ချက်မထားဘဲ ရောင်းချပေးမယ်လို့ ကတိပြုထားပါတယ်။
Super Radyo dzBB နဲ့ အင်တာဗျူးမှာတော့ ဝန်ကြီး Garin က “ကျွန်မတို့ ရေနံစည်ပေါင်း တစ်သန်း မှာထားပါတယ်။ ဒီအပတ်ထဲမှာ တချို့ရောက်လာမယ်၊ နောက်အပတ်မှာလည်း နောက်ထပ်တစ်သုတ် ထပ်ရောက်ဦးမှာပါ။ ဒါက သံသရာလိုပဲ ကျွန်မတို့ အဆက်မပြတ် မှာယူနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
