သက်တံ့
၂၆. ၃. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ အန္ဒရာပရာဒေ့ရှ်ပြည်နယ်၊ မာကာပူရမ်ခရိုင်တွင် ယနေ့ မတ် ၂၆ ရက် (ကြာသပတေးနေ့)က ပုဂ္ဂလိကခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် မြေတူးကား (Tipper) တစ်စီးနှင့် တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ခရိုင်ရဲမှူး V Harshavardhan Raju ၏ အစောပိုင်းခန့်မှန်းချက်အရ သေဆုံးသူ ၁၄ ဦးရှိနိုင်သည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ဝန်ကြီးချုပ်ရုံး (CMO) ၏ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၃ ဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အိန္ဒိယသမ္မတ ဒရော့ပါဒီ မာရ်မူက သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေကြောင်းကို ဆုတောင်းစကားကို သူမ၏ X (Twitter) အကောင့်တွင် “အန္ဒရာပရာဒေ့ရှ်ပြည်နယ်၊ မာကာပူရမ်ခရိုင်က ကြေကွဲစရာ ဘတ်စ်ကားမတော်တဆမှု သတင်းကြောင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပါတယ်။ သေဆုံးသူမိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်” ဟု ရေးသားခဲ့သည်။
ဝန်ကြီးချုပ် နာရိန်ဒြာ မိုဒီ ကလည်း ဝမ်းနည်းစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ် အမျိုးသား ကယ်ဆယ်ရေးရန်ပုံငွေ (PMNRF) မှ သေဆုံးသူတစ်ဦးစီ၏ မိသားစုအတွက် အိန္ဒိယရူပီး ၂ သိန်းစီနှင့် ဒဏ်ရာရရှိသူများအတွက် ၅၀,၀၀၀ စီ ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။
အန္ဒရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် N Chandrababu Naidu ကလည်း အဆိုပါ မတော်တဆမှုကြောင့် အလွန်အမင်း တုန်လှုပ်ချောက်ချားရကြောင်း ပြောကြားခဲ့သည်။
တီလန်ဂါနာပြည်နယ် ဂျာဂျစ်တယ်မှ နယ်လိုခရိုင် ကာလီဂီရိသို့ ဦးတည်မောင်းနှင်လာသော ပုဂ္ဂလိက ခရီးသည်တင်ဘတ်စ်ကားပေါ်တွင် ဖြစ်ပွားချိန်၌ ခရီးသည် ၃၅ ဦးခန့် လိုက်ပါလာပြီး ဖြစ်စဉ်ကြောင့် ၁၃ ဦး သေဆုံးကာ ၂၂ ဦးက ဆေးကုသမှု ခံယူနေရကြောင်းနှင့် ဒဏ်ရာရသူများအနက် ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
မတော်တဆမှုမှာ နံနက် ၅ နာရီခွဲနှင့် ၆ နာရီကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကားသည် မြေတူးကား၏ ဒီဇယ်တိုင်ကီကို တိုက်မိခဲ့ရာမှ မီးဟုန်းခနဲ တောက်လောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်မိသည့်အရှိန်ကြောင့် မြေတူးကားမှာ တိမ်းမှောက်သွားပြီး ဘတ်စ်ကား၏ ရှေ့ပိုင်းမှာလည်း လုံးဝပျက်စီးသွားခဲ့သည်။
ဘတ်စ်ကားဒရိုင်ဘာ၏ ထွက်ဆိုချက်အရ စတီယာရင် (Steering wheel) တစ်ဆို့သွားခြင်းကြောင့်ဟု ဆိုသော်လည်း အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ အစောပိုင်း စစ်ဆေးချက်များအရ ဘတ်စ်ကားသည် မတိုက်မိမီ ဆန့်ကျင်ဘက်လမ်းကြောထဲသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံး/ဒဏ်ရာရ မိသားစုများကို ကူညီနိုင်ရန် မာကာပူရမ် လက်ထောက်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်သွယ်ရေးဗဟိုဌာန (Command and Control Room) တစ်ခု ဖွင့်လှစ်ထားသည်။
တီလန်ဂါနာပြည်နယ် ဝန်ကြီးချုပ် Revanth Reddy ကလည်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး များစွာတုန်လှုပ်ရကြောင်း ပြောကြားခဲ့ပြီး အန္ဒရာပရာဒေ့ရှ်ပြည်နယ် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ဒဏ်ရာရရှိသူများကို အကောင်းဆုံး ဆေးကုသမှုပေးရန် ညွှန်ကြားထားသည်။
Ref: BusinessLine
