
၂၆.၂.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်က စစ်ပွဲအပစ်အခတ်ရပ်စဲရေးအတွက် အချက် ၁၅ ချက်ပါတဲ့ အဆိုပြုချက်တစ်ရပ်ကို အီရန် အစိုးရဆီကိုပေးပို့ခဲ့တယ်လို့ ပြောခဲ့အပြီး အီရန်ဘက်က အမေရိကန်ရဲ့ တောင်းဆိုမှုတွေက တစ်ဖက်သတ်အလွန်အကျွံ ဆန်လွန်းတယ်လို့ပြောခဲ့တဲ့အပြင် အီရန်အနေနဲ့ အပစ်အခတ်ရပ်စဲရေးထက် စစ်ပွဲပြီးဆုံးရေးကိုသာ လိုလားတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက မတ်လ ၂၅ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။ ဒါ့ပြင် အီရန်အစိုးရ အရာရှိတစ်ဦးကလည်း အမေရိကန်ရဲ့ အဆိုပြုချက်က အပြုသဘော မဆောင်ဘူးလို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်အစိုးရက စစ်ပွဲရပ်ဆိုင်းရေးအတွက်ဆိုပြီး သူ့ဘက်ကလိုလားတဲ့ တောင်းဆိုချက် ငါးချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒါတွေမှာတော အမေရိကန်က အီရန်ကိုစစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးရမှုတွေအတွက် လျော်ကြေးပေးဖို့၊ အီရန်ရဲ့တိုက်ချင်းပစ်ဒုံးပျံအစီအစဉ်ကို ကန့်သတ်မှု မပြု လုပ်ဖို့၊ ဟော်မုဇ်ရေလက်ကြားကို အီရန်ကသာထိန်းချုပ်ဖို့ ဆိုတာတွေပါလာတော့ နှစ်ဖက်လိုလားမှု တွေက ဆန့်ကျင်ဘက်ဖြစ်နေတယ် ဆိုရမှာပါ။
အီရန်အစိုးရက အမေရိကန်ရဲ့ အဆိုပြုချက်ကို ပယ်ချပြီးနောက်မှာ အိမ်ဖြူတော်က အမေရိကန်အဖို့ အီရန်နိုင်ငံမှာ အဓိကရည်မှန်းချက်တွေ ပြည့်ဝဖို့ အလွန်နီးကပ်နေပြီလို့ ပြောကြားခဲ့ပြန်ပါတယ်။ ဒါပေမယ့် တကယ်လို့ အီရန်က ရှုံးနိမ့်မှုကို လက်မခံရင် ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်ကို ငရဲရောက်တဲ့အထိ လွှတ်ချဖို့ ပြင်ဆင်ပြီးသွားပြီလို့လည်း သတိပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ထရမ့်ပ် က ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အီရန်အနေနဲ့ သူ့အဖို့တော့ ဆိုးရွားလှတယ်ဆိုရမယ့် သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ လိုလားနေရပါပြီလို့ အခိုင်အမာ ပြောခဲ့ပြန်ပါတယ်။
ထရမ့်ပ်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေရှိမှုကိုပြောနေပေမယ့် အမေရိကန်က လေကြောင်းချီ တိုက်ခိုက်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားပါတယ်။ အီရန်က လည်း အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း ဒုံးကျည်ပစ်လွှတ်နိုင်သည့် အကွာအဝေးအတွင်း ရောက်ရှိရင် ချေမှုန်းတိုက်ခိုက် ခံရမယ်လို့ သတိပေးခဲ့ပါတယ်။
Ref- Sky News
