၁၈.၃.၂၀၂၆
Photo by Nay Yaung Linတတိယအကြိမ် အမျိုးသားလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ ရွေးကောက်ခံကိုယ်စားလှယ်များ ရောက်ရှိလာကြပြီဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အခမ်းအနား အစီအစဉ် ၁၄ ရပ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမျိုးသားလွှတ်တော် သဘာပတိတင်မြှောက်ခြင်းကို ဦးစွာလုပ်ဆောင်မည် ဖြစ်သည်။
ထို့နောက် သဘာပတိက ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် အမျိုးသားလွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာမည်ဖြစ်သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုကြမည်ဖြစ်ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်အစည်းအဝေး ပထမနေ့အစီအစဉ် ကြေညာမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း၊ ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတိုသည် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားလွှတ်တော် သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြရသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်က ကျင်းပခဲ့ပြီး နှစ်ရက်မြောက် မတ် ၁၈ ရက်တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဆက်လက် ကျင်းပမည်ဖြစ်သည်။
ထိုသို့ တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ တတိယအကြိမ် အမျိုးသားလွှတ်တော်များ စတင်ခေါ်ယူပြီးလျှင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်းနှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ခေါ်ယူကျင်းပမည့်ရက်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။






