◾️ နွေရာသီရောက်ရှိလာပြီဖြစ်၍ ဆည်မြောင်းတွင် စုဆောင်းထားရှိသည့်ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စတင်ထိန်းသိမ်းရမည့်အချိန်ဖြစ်

၁၇. ၃. ၂၀၂၆
Written by Nyein Kyaw
နွေရာသီကာလသို့ ရောက်ရှိလာချိန် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများလာ၍ ဝန်အားထိန်းညှိခြင်းများ ပြုလုပ်နိုင်ရန် မတ်လ ၁၈ ရက် (မနက်ဖြန်)မှ စတင်၍ အချို့နေရာများနှင့် အချိန်ပိုင်းများတွင် အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
ယခု မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်မြောင်းတွင် စုဆောင်းထားရှိသည့်ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလဖြစ်သည်။
သို့သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား/ကျောင်းသူများ ညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိမှုများမှ တိုးမြှင့်ထုတ်လုပ် ဖြန့်ဖြူးပေးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားသည့်ရက်မှစတင်ပြီး နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ် မျှတစွာဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်ချိန်ညှိကာ တချို့သောနေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းအစီအစဉ်များကို မတ်လ ၁၈ ရက်မှ စတင်ပြုလုပ်ရမည်ဖြစ်သည်။
သို့သော် သဘာဝဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွတ်ပါရန်နှင့် လျှပ်စစ်ဓာတ်အား စနစ်တကျသုံးစွဲပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှလိုအပ်ချက် ၄,၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သိုသော်လည်း လက်ရှိတွင် အဓိက ဓာတ်အားလိုင်းတချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သည့် ၃၆၀၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့ပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။
