◾️ QR Code စတင်သည့် မတ်လ ၁၂ ရက်တွင် ယာဉ် ၆၂,၀၁၇ စီးနှင့် ဆိုင်ကယ် ၅၆,၀၈၀ စီးကို အဆင်ပြေစွာရောင်းချနိုင်ခဲ့ပြီး Wheel Tax Barcode ဖတ်မရသည့်ယာဉ်များအား ကညနတွင် အမြန်ဆုံး ဆောင်ရွက်ပေးမည်
◾️ နိုင်ငံတကာစက်သုံးဆီဈေးနှုန်းတွင် ဓာတ်ဆီ ၇၀ ရာခိုင်နှုန်းနှင့် ဒီဇယ် ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်နေချိန် မြန်မာနိုင်ငံစက်သုံးဆီဈေးနှုန်း ဓာတ်ဆီ ၁၂ ရာခိုင်နှုန်းနှင့် ဒီဇယ် ၂၃ ရာခိုင်နှုန်းသာ မြင့်တက်မှုရှိ
၁၅. ၃. ၂၀၂၆
Written by Nyein Kyaw
ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များ အဝေးပြေးလမ်းမကြီးများရှိ ဆီဆိုင်များနှင့် အခြားခရီးဝေး (မိုင် ၁၀၀ အထက်) မြို့များရှိ ဆီဆိုင်များတွင် QR Scan ထပ်ဖတ်ရန်မလိုဘဲ ယင်းရက်အတွက် ဆီဝယ်ယူထားသည့် ငွေရှင်းပြေစာပြသ၍ ထပ်မံဝယ်ယူနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားသည်။
စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ မတ်လ ၁၂ ရက်နေ့မှစတင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသည့် Barcode နှင့် မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြု၍ QR Code ထုတ်ပေးပြီး Application ဖြင့် စစ်ဆေးသည့်နည်းလမ်းကို အသုံးပြုဆောင်ရွက်လျက်ရှိပြီး ပိုမို၍ အဆင်ပြေကောင်းမွန်လာစေရန် Application Software နည်းပညာပိုင်းဆိုင်ရာမြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိသည်။
မတ်လ ၁၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ Application အသုံးပြု၍ စိစစ်ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် ၆၂,၀၁၇ စီးနှင့် မော်တော်ဆိုင်ကယ် ၅၆,၀၈၀ စီးကို အဆင်ပြေချောမွေ့စွာ ရောင်းချပေးနိုင်ခဲ့သည်။
ယင်းသို့ စမ်းသပ်အသုံးပြုရာတွင် အချို့ယာဉ်များ၏ Wheel Tax Barcode များမှာ ဆေးရောင်မှိန်သည့်အတွက် Scan ဖတ်ရန် အခက်အခဲရှိခြင်း၊ Wheel Tax ၏ Barcode တွင်ပါဝင်သည့် ယာဉ်၏ အချက်အလက်နှင့် စနစ်၏အချက်အလက်များအကြား ကွဲလွဲမှုအချို့တွေ့ရှိရခြင်း၊ အချို့ယာဉ်များသည် တစ်ရက်အတွင်း ထပ်မံပြန်လည်ဝယ်ယူရန် ကြိုးစားခြင်းများကို စိစစ်တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယာဉ်၏အချက်အလက် များပိုမိုပြည့်စုံမှန်ကန်စေရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။
Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် ယာဉ်၏အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR Code များ ထုတ်ပေးခြင်းစနစ်ကို မတ်လ ၁၅ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း Wheel Tax Barcode ဖတ်မရသည့်ကိစ္စနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အမြန်ဆုံးသွားရောက်ဆောင်ရွက်ရမည်ဖြစ်သည်။
ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များအတွက် စက်သုံးဆီဖြည့်လိုပါက Scan ထပ်မံဖတ်ရန် မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာကိုပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားခရီးဝေး (မိုင် ၁၀၀ အထက်) မြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ထပ်မံဝယ်ယူနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ရေနံအကျပ်အတည်းမဖြစ်မီ နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနှင့် မတ်လ ၁၃ ရက်(ယမန်နေ့)တွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ဓာတ်ဆီအုပ်စုတွင် ၇၀ ရာခိုင်နှုန်းနှင့် ဒီဇယ်အုပ်စုတွင် ၁၀၀ ရာခိုင်နှုန်းကျော်မြင့်တက်မှုရှိသော်လည်း မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် ဓာတ်ဆီအုပ်စုတွင် ၁၂ ရာခိုင်နှုန်းနှင့် ဒီဇယ်အုပ်စုတွင် ၂၃ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
