◾️YGEA ၏ ယခုသတ်မှတ်ချက်သည် အစိုးရ၏ရည်ညွှန်းရွှေဈေးဖြင့် ရောင်းပြီး ပြင်ပပေါက်ဈေး ရရှိအောင် ရွှေဆိုင်များ ကောက်ခံနေသည့် အလျော့တွက်လက်ခကို အတည်ပြုလိုက်ခြင်းဟု ဝေဖန်မှုများရှိနေ




၁၄. ၃. ၂၀၂၆
Written by Nyein Kyaw
ရွှေအရောင်းဆိုင်များတွင် လက်ဝတ်ရတနာအတွက် အလျော့တွက်လက်ခအား ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့်အထိ ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အတည်ပြု ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁၁ ရက်နေ့ ရက်စွဲပါ ညွှန်ကြားအရ ရွှေဆိုင်များသည် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက်နှုန်းထားများ စိစစ်အတည်ပြုခြင်းကိစ္စနှင့် ပတ်သက်၍ YGEA မှ ယနေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ကြေညာချက်အရ ရွှေဆွဲသီး၊ ရွှေနားကပ်၊ ရွှေကလစ်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေဟန်ချိန်း/ဖုချိန်း ဆိုသည့် အမျိုးအစားများခွဲခြားပြီး လက်ဝတ်ရတနာ အမျိုးအစားလိုက် အလျော့တွက်လက်ခများကို သတ်မှတ်ထားခြင်းဖြစ်သည်။
YGEA မှ ထုတ်ပြန်ကြေညာချက်တွင် အလျော့တွက်လက်ခနှုန်းထားများအား ပြုလုပ်မည့် ရွှေအမျိုးအစားနှင့် အချိန်အတွယ်ပေါ်မူတည်ပြီး ပူးတွဲဖော်ပြပေးထားသည်။ MT News အနေဖြင့် ယင်းဖော်ပြချက်များအနက်မှ အများပြည်သူနားလည်လွယ်စေရန် ကောက်နုတ်ဖော်ပြပေးထားပါသည်။
ယင်းသတ်မှတ်ချက်အရ ရွှေဆွဲသီး ၂ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၁ ပဲ ၁ ရွေးနှင့် ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲ သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြုလုပ်သည့် လက်ဝတ်ရတနာတန်ဖိုး၏ တစ်ဝက်စာကျော် အလျော့တွက်လက်ခ ပေးရမည်ဖြစ်သည် (ဥပမာအားဖြင့် ကျပ် ၁၀ သိန်းတန် ရွှေထည် လက်ဝတ်ရတနာအတွက် ကျပ် ၁၅ သိန်းကျော် ရွှေဆိုင်ကို ပေးချေရမည်။)
ထို့အတူ ဆွဲကြိုး ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲနှင့် တစ်ကျပ်သားတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၅ ပဲ ၆ ရွေး သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရွှေဆွဲကြိုး တစ်ကျပ်သားပြုလုပ်မည်ဆိုပါက တစ်မတ်ခွဲသားနီးပါး အလျော့တွက်လက်ခပေးရမည်ဖြစ်သည်။
“အခုသတ်မှတ်ချက်က အတည်ဖြစ်သွားတာလား။ အရင်ကလည်း ရွှေဆိုင်တွေက သိန်း ၆၀ ကျော်နဲ့သာရောင်းနေတာ။ အပြင်ဈေး သိန်း ၉၀ ကျော် ပေါက်အောင် အလျော့တွက်လက်ခကို ၆ ပဲလောက် အလျော့တွက်ယူနေတာ။ ဒါကို အတည်ပြုပေးလိုက်တဲ့ သဘောလား” ဟု တောင်ဒဂုံမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
ယနေ့တွင် အစိုးရသတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၁ သိန်းဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၀,၈၈၀,၀၀၀ အထိဖြစ်ပေါ်လျက်ရှိပြီး ပြင်ပရွှေဈေးနှုန်းသည် ရည်ညွှန်းရွှေဈေးထက် ကျပ် ၃၈ သိန်းခန့် ပိုများနေသည်။
