
၁၄.၃.၂၀၂၆
Written by Thiri
မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်ဝင်းထဲမှာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ည ၉ နာရီကျော် အချိန်ထိ မီးထိန်းနိုင်ခြင်းမရှိသေးဘူးလို့ မြေပြင်မှာ ရောက်ရှိနေတဲ့ မီးငြှိမ်းသတ်သူတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်ဝင်း၊ (၉)လမ်းရှိ Speed အချိုစက်ရုံရဲ့ အချိုရည်ထုပ်ပိုးထားတဲ့ ပါကင်ပုံးတွေ သိုလှောင်ထားတဲ့နေရာ မီးလောင်မှုဖြစ်ပွားနေတာလို့ သိရပါတယ်။
“မီးက များတယ်။ အခုချိန်ထိ စက်ရုံထဲ ဝင်လို့မရသေးဘူး။ Level -2 နဲ့ပဲ ဆက်ငြှိမ်းနေတုန်းပဲ။ အချိုရည် ပါကင်ထုပ်ပိုးပြီးသားနေရာလို့ သိရတယ်။ အက်ဆစ်ဓာတ်လည်း ပါတော့ မီးလောင်တာအားပေးပြီး ငြှိမ်းရခက်နေတာ” လို့ အနားယူထားတဲ့ ဝါရင့် မီးသတ်ဆရာကြီးတစ်ဦးက ဆိုပါတယ်။
မီးလောင်ကျွမ်းမှု ဖြစ်စဉ် သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ကနဦး ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
လောင်ကျွမ်းချိန် ၁၄ မိနစ်အတွင်း ည ၈ နာရီ ၃၂ မိနစ် အချိန်မှာ level -1 အဆင့်ခေါ်ယူခဲ့ကာ နောက်ထပ် နှစ်မိနစ်အကြာ ည ၈ နာရီ ၃၄ မိနစ်မှာတော့ Level -2 အဆင့်ရှိ ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်။
လက်ရှိ ည ကိုးနာရီကျော် အချိန်ထိ မီးထိန်းနိုင်သေးခြင်းမရှိဘဲ လောင်စာများကာ ကြိုးစားငြှိမ်းသတ်ဆဲလို့ မြေပြင်မှာ ဆေးအကူရောက်ရှိနေတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တချို့ထံကနေ သိရပါတယ်။ လက်ရှိမှာတော့ ည ၉ နာရီ ၂၆ မိနစ်မှာ မီးထိန်းနိုင်သွားပြီးလို့ မီးသတ်ဦးစီးဌာနက ထပ်ဆင့်အသိပေးထားပေမယ့် မြေပြင်မှာတော့ ထိန်းနိုင်ထားတဲ့မီးကို ငြှိမ်းနိုင်ဖို့ ကြိုးစားနေရဆဲလို့ သိရပါတယ်။
