၁၅. ၃.၂၀၂၆
Written by Thiri
မြန်မာ့ဓလေ့ရိုးရာ ရှင်ပြု ရဟန်းခံအလှူမင်္ဂလာပွဲတွေမှာ သားဆိုရင် မောင်ရင်လောင်းနဲ့ သမီးကို နားထွင်းမင်္ဂလာပြုကြရာမှာ ဆင်နဲ့ ခင်းတာ မြင်းနဲ့ ခင်းကျင်းလှည့်လည်ခဲ့တာဆိုတဲ့ ပကာသနကိုလည်း တတ်နိုင်သူက တတ်နိုင်သလို ဂုဏ်ယူစွာနဲ့ ပြုလုပ်ကြတာပါ။
အခု မတ်လအတွင်းပွင့်လင်းရာသီ နွေရာသီ ကျောင်းပိတ်ရက်ရှည်မို့ မိမိတို့ ရင်သွေးငယ်တွေကို ရဟန်းခံ ရှင်ပြုပွဲ ပြုလုပ်ကာ သာသနာ့အမွေ ခံယူဖို့ သာသနာ့ဘောင် ခေတ္တဝင်ရောက်ကြရာ တချို့ကလည်း ဆင်ခင်း၊ မြင်းခင်းနဲ့ လှည့်လည်ကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလို မင်္ဂလာပြုရင်း အမင်္ဂလာအ ခြေအနေမျိုး ကျောက်ဆည်မြို့ရဲ့ အလှူပွဲမှာမတော်တဆ ကြုံတွေ့ခဲ့ရပါတယ်။

မနေ့က မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ကျောက်ဆည်မြို့ လက်ဝဲစုကျေးရွာမှာ အလှူလှည့်နေတဲ့ ဆင်တော်ဟာ ဓာတ်ကြိုးနဲ့ထိပြီး ဓာတ်လိုက်သေဆုံးခဲ့သလို ဆင်ပေါ်လိုက်ပါလာတဲ့ ဆင်ဦးစီး၊ အလှူ့အမနဲ့ နားထွင်းသမီးငယ်တို့ ပြင်းထန်ဓာတ်လိုက်ဒဏ်ရာတွေရရှိကာ သတိလစ်မေ့မြောပြီး ဆေးရုံတင်ပို့ ကုသခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း ကလေးမြို့ ရှင်ပြုရဟန်းခံပွဲမှာ ကျောင်းဝင်းထဲအရောက် မြင်းပေါ်က အဆင်း ၊ မောင်ရင်လောင်းကို မြင်းပေါ်က ချီချစဥ်၊မောင်ရင်လောင်း စီးလာတဲ့မြင်းက လန့်ပြီးကန်လိုက်တာကြောင့် မျက်နှာနဲ့ နံရိုးကျိုးပြီး ဆေးရုံတင်ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ဆရာတော် သံဃာတော်တွေက ဘုရားရှင် လက်ထက်ပုံစံ အဓိက လိုရင်းဖြစ်တဲ့ ဆံချ သင်္ကန်းဝတ် သာမဏေ ပြု ပေးခြင်းကလည်း ရှင်ပြုအလှူပွဲ ပြည့်စုံပြီးမြောက်တယ်လို့ဟောကြားပြသပေမယ့် ငွေကြေးချမ်းသာသူတို့က ပြာသာဒ်၊ ဘုံဆင့်တွေနဲ့ ရွှေရောင်အလှူ မဏ္ဍပ်ကြီး ထိုးခြင်း၊ မြန်မာဆိုင်းဝိုင်းကြီးတွေ အငြိမ့်ပွဲ ၊ဇာတ်ပွဲ တွေနဲ့ ပရိသတ်ကို ဧည့်ခံခြင်း၊ အလှူလှည့်ခြင်း၊ ဘိသိက်ခံခြင်း စတဲ့ ဘာသာရေး မဟုတ်တဲ့ ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာ အခမ်းအနားတွေ ၇ ရက် ၇ လီ ဒါမှမဟုတ် ၃ ရက်တိုင်တိုင် ထည့်သွင်းကျင်းပလေ့ ရှိကြပါတယ်။
