နေမိုး
၁၅. ၃. ၂၀၂၆
ဝင်းဝစခန်းသိမ်းတိုက်ပွဲက ပြန်လာသော KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့ကို နယ်ဒါးမြ၏ KTLA အဖွဲ့က ခြုံခို တိုက်ခိုက်၍ PDF လေးဦးသေ၊ သုံးဦးဒဏ်ရာရပြီး တစ်ဦးပျောက်ဆုံးနေသည်ဟု KNU က ယနေ့ထပ်မံ ဝန်ခံသည်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်) အနီး၊ ဘန်းချောင်းကျေးရွာအုပ်စုအတွင်း၊ ၂၀၂၆ခုနှစ် မတ်လ (၁၄)ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ့များက သမီးပေါ်သော(ဟင်းကပိ)ကျေးရွာနှင့် ကနဲဃော(ပျားသားချောင်း)ကျေးရွာကြားတွင် ရှေ့တန်းမှပြန်လာသော KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့အား ခြုံခို တိုက်ခိုက်ရာမှ ဗထူးတပ်ဖွဲ့မှ PDF (၃)ဦး ထိခိုက်ဒဏ်ရာရကာ (၄) ဦး သေဆုံးပြီး တစ်ယောက်ပျောက်ဆုံးနေသည့်အပြင် ကား(၁)စီးပါ ပျက်စီးခဲ့သည်ဟု KNU က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်းဝစခန်းသိမ်းပြီး နောက်တန်းစခန်းသို့ပြန်လာချိန် လမ်း၌ ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ့ များမှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် တစ်နေ့တခြား ပိုမိုဆိုးရွားလာပြီး တပ်မတော်၏ လက်အောက်ခံတပ်ဖွဲ့တစ်ခုအလား KNU/KNLA နှင့် PDF များကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်ဟုလည်း KNU က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း နယ်ဒါးမြ၏ KTLA အဖွဲ့ဖြစ်သော ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သည့် KTLA အဖွဲ့က ထိုနေရာ၌ပင် ခြုံခိုတိုက်ခိုက်ခဲ့မှုကြာင့် ကရင်အကြမ်းဖက်လက်နက်ကိုင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၂) မှ လက်နက်ကိုင် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ဝန်ခံထားသည်။
ကရင်လက်နက်ကိုင် ဗိုလ်မြ၏သား စောနယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ KNDO ၏ တပ်မှူးကြီးတစ်ဦးဖြစ်သော်လည်း လမ်းလုပ်သား ၂၅ ဦးကို ရက်စက်စွာသတ်ဖြတ်မှုဖြင့် KNU မှ ထုတ်ပယ်ခံရပြီးနောက် KTLA (ကော်သူးလေတပ်မတော်) ကို ထူထောင်ခဲ့သလို ကော်သူးလေသမ္မတအဖြစ်လည်း မိမိကိုယ်ကိုယ် နှစ်ကြိမ်ကြေညာခဲ့သည်။
