◾ ဖမ်းဆီးခံ စစ်သုံပန်းများတွင်ပါဝင်သည့် တပ်မိသားစုဝင် အမျိုးသမီးများကိုလည်း ထွန်းမြတ်နိုင်၏ AA က မုဒိမ်းကျင့်နေဟုပါဆို


နေမိုး
၁၅.၃. ၂၀၂၆
အမ်းမြို့နယ်ရှိ AA ၏ နိုဗာ (၁) ဌာနချုပ်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်၍ အထိနာသွားသော AA က ဒါးလက်ချောင်းဒေသတွင် စစ်သုံပန်း ၁၀၀ ကျော်ကို မီးရှို့သတ်ဖြတ်လိုက်မှုမှာ စစ်ရာဇဝတ်မှုထက် ပိုမိုဆိုးဝါးသည့် လူမျိုးသုဥ်းသတ်ဖြတ်မှုဟု သတင်းလွှာ(Information Sheet)ထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ AA အကြမ်းဖက်သောင်းကျန်းသူများ၏ နိုဗာ(၁) ဌာနချုပ်အား တပ်မတော်က လေကြောင်းမှကင်းထောက်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့မှုအပေါ် အထိနာသွားသော AA အကြမ်းဖက်သောင်းကျန်းသူများသည် လက်တုံ့ပြန် ကလဲ့စားချေသည့်အနေဖြင့် ၎င်းတို့ဖမ်းဆီးထားသော စစ်သုံ့ပန်းများထားရှိသည့် စစ်သုံ့ပန်းအကျဉ်းစခန်းအား မီးလောင်တိုက်သွင်း၍ အကျဉ်းသား ၁၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး တပ်မတော်အပေါ် နိုင်ငံရေးအရ အမြတ်ထုတ်သည့်အနေဖြင့် စစ်သုံ့ပန်းအကျဉ်းစခန်းအား တပ်မတော်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်လုပ်ကြံသတင်းဖြန့်ချိခဲ့ကြောင်း တွေ့ရှိရသည်။
AA အဖွဲ့ကိုယ်တိုင်ထုတ်ပြန်ထားသော သတင်းဓာတ်ပုံများအရ စစ်သုံ့ပန်းများသေဆုံးနေသည့် နေရာများတွင် ဗုံးထိမှန်ထားသည့် အခြေအနေမျိုးမဟုတ်ဘဲ မီးလောင်သေဆုံးထားသည့် ပုံများသာ ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဗုံးကျဲမှုကြောင့် သေဆုံးရခြင်းမဟုတ်ကြောင်း သက်သေအထောက်အထားများအနေဖြင့် ရုပ်အလောင်းများမှာ မီးလောင်ဒဏ်ရာများသာရှိပြီး ဗုံးကွဲမှုကြောင့်ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်း ပျက်စီး ထိခိုက်ထားမှုများ မရှိခြင်း၊ မီးလောင်ကျွမ်းမှုမရှိထားသည့် ရုပ်အလောင်းများမှာလည်း ဗုံးစထိမှန်သေဆုံးသည့် ဒဏ်ရာအနေအထားများ မရှိခြင်း၊ ပတ်ဝန်းကျင်အနေအထားတွင် ဗုံးကျဲမှုကြောင့် ဖြစ်ပေါ်တတ်သော ကျင်းများ၊ ချိုင့်များနှင့် ဖွာလန်ကျဲနေသည့် မြေအနေအထားမရှိခြင်း၊ အကျဉ်းသားများအား ထားရှိသည့် သံလှောင်အိမ်များမှာ မပျက်မစီးအကောင်းအတိုင်း ကျန်ရှိနေခြင်း၊ အနီးပတ်ဝန်းကျင်ရှိသစ်ပင်များမှာ ဗုံးစ ထိမှန်ထားသည့် အနေအထားများ မရှိခြင်းတို့ကို တွေ့ရှိရသည်။
AA အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ အကျဉ်းစခန်းအား တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသားများ သေဆုံးရကြောင်း လက်ရှိစစ်သုံ့ပန်းတစ်ဦးအား မီဒီယာတွင် ဖြေကြားထားသည့်ဗီဒီယိုဖြင့် ဝါဒဖြန့်ချိခဲ့သော်လည်း ၎င်းစစ်သုံ့ပန်းသည် မီဒီယာအား ဖြေဆိုချိန်တွင်ပင် သံခြေကျင်းခတ်ထားသည်ကို တွေ့ရှိရပြီး လွတ်လပ်စွာဖြေဆိုရခြင်း မရှိသည့်အခြေအနေမျိုးဖြစ်ကြောင်းတွေ့ရှိရသည်။ ထို့အတူ သတင်းဓာတ်ပုံများတွင်ပါရှိသော မီးလောင်ကျွမ်း သေဆုံးထားသည့် အကျဉ်းသားများအားလုံးမှာလည်း ခြေထောက်များတွင် သံကြိုးများဖြင့် ချည်ထားကြောင်း တွေ့ရှိရသည်။ အချို့ဓာတ်ပုံများတွင် သေဆုံးသူများသည် ၃-၄ ယောက် သံခြေကျင်းဖြင့် ခတ်ထားခံရပြီး အစုလိုက်အပြုံလိုက် အနီးကပ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသော ပုံစံများ ဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့အပြင် စစ်သုံ့ပန်းများအား ဓားစာခံလုပ်ကာ စစ်ပွဲအတွင်း ပြန်အသုံးချခြင်း၊ စစ်သုံ့ပန်းများအား သေစေလိုသော ဆန္ဒဖြင့် လုံခြုံသောနေရာတွင် မထားရှိခြင်း၊ စစ်သုံ့ပန်းနေရာဖြစ်ကြောင်း ထင်ရှားသော အမှတ်အသားများ မပြုလုပ်ထားခြင်းတို့သည် ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်း ဥပဒေကို ကျူးလွန်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းလည်း ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း(၃)၏ Article 23 အရ စစ်သုံ့ပန်း အကျဉ်းစခန်းများသည် လေယာဉ်ပေါ်မှ ကြည့်လျှင် မြင်သာထင်သာစေရန် PW (Prisoners of War) သို့မဟုတ် PG (Prisonniers de Guerre) ဆိုသော စာလုံးများ ထင်ရှားစွာ ရေးထားရမည်ဟု ပါရှိသည်။ ထို့အပြင် လေယာဉ်ဖြင့် ဗုံးကြဲ
ခံရလျှင် စစ်သုံ့ပန်းများအားလုံး လုံခြုံစွာ ခိုလှုံနိုင်မည့် ဗုံးခိုကျင်းများ အလုံအလောက် ထားရှိပေးရမည်ဖြစ်သည်။ ထိုအချက်များကို မလိုက်နာသဖြင့် စစ်သုံ့ပန်းများ ထိခိုက်ခဲ့လျှင် ဖမ်းဆီးထားသူသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် နိုဗာ(၁)ဌာနချုပ်အား တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော AA အကြမ်းဖက်အဖွဲ့သည် နာကျည်းချက်နှင့် လူမျိုးရေးမုန်းတီးစိတ်ကို အခြေခံပြီး စစ်သုံ့ပန်းအကျဉ်းစခန်းအား အရှင်လတ်လတ် မီးလောင်တိုက်သွင်းကာ လူအစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှုသည် စစ်ရာဇဝတ်မှုထက် ပိုမိုဆိုးဝါးသော ဂျီနိုဆိုက်လုပ်ရပ်သာ ဖြစ်သည်။
AA အကြမ်းဖက်အဖွဲ့သည် စစ်သုံ့ပန်းများကို ကာလကြာရှည်ဖမ်းဆီးထားပြီး တပ်မတော်၏ စစ်ဆင်ရေး များကို စစ်သုံ့ပန်းများဖြင့် ဓားစာခံလုပ်ကာ အကာအကွယ်ယူလျက်ရှိသည်။ ထို့အပြင် ယခုကဲ့သို့ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည့်အခါတွင် စစ်သုံ့ပန်းများအား ရက်ရက်စက်စက် သတ်ဖြတ်ပြကာ တပ်မတော်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးရကြောင်း ဝါဒဖြန့်ချိတုံ့ပြန်လျက်ရှိသည်။ ၎င်းတို့ဓားစာခံလုပ်ကာ ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများတွင် တပ်မိသားစုဝင် အရပ်သားများ၊ ကလေးငယ်များ၊ အမျိုးသမီးများ ပါဝင်လျက်ရှိပြီး နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းများကို ကျူးလွန်လျက်ရှိသည်။ AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များသည် စစ်သုံ့ပန်း ဥပဒေများ၊ သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန် နေသည့်အပြင် လူမျိုးရေးမုန်းတီးစိတ်ဖြင့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်ဟုသတင်းလွှာ(Information Sheet)ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
