◾ အီရန်စစ်ပွဲ နှစ်ပတ်တာအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရပြီး ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့ကာ ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်
၁၄.၃.၂၀၂၆
Translated by Htwe Ko Tun
ရက်သတ္တပတ် နှစ်ပတ်ကျော်လာပြီဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို တိုက်ခိုက်နေတဲ့စစ်ပွဲကို ပံ့ပိုးဖို့ အမေရိကန်က အခုအခါ အရှေ့အလယ်ပိုင်းဒေသကို တပ်ကူဖြည့်တင်းပေးပို့မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်က အီရန်ရဲ့ ဒေသတွင်းတိုက်ခိုက်မှုတွေကို တိုက်ဖျက်ရာမှာ ကူညီနိုင်ဖို့ ကုန်းရေနှစ်သွယ် အသင့်တိုက်ခိုက်ရေးအဖွဲ့နဲ့ မရိန်းတပ်ဖွဲ့ တစ်ခုအတွက် အမေရိကန်ဗဟိုစစ်တိုင်းရဲ့ တောင်းဆိုချက်ကို အတည်ပြုခဲ့တယ်လို့ Wall Street Journal သတင်းစာက မတ်လ ၁၃ ရက်မှာ ပထမဆုံးဖော်ပြခဲ့ပါတယ်။
တပ်ကူစေလွှတ်မယ့် တပ်ဖွဲ့တွေမှာ တပ်ဖွဲ့ဝင် အင်အား ၅,၀၀၀ အထိနဲ့ ဂျပန်နိုင်ငံ၊ ဆာဆီဘိုမြို့ဆိပ်ကမ်းမှ အရှေ့အလယ်ပိုင်းဒေသကို ဦးတည်ခုတ်မောင်းနေတဲ့ USS Tripoli အပါအဝင် စစ်သင်္ဘောများစွာ ပါဝင်မယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။
Tripoli ကုန်းရေနှစ်သွယ် အသင့်တိုက်ခိုက်ရေးတပ်ဖွဲ့မှာ အမေရိကန်အတန်းအစား ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘော USS Tripoli၊ San Antonio အတန်းအစား ကုန်းရေနှစ်သွယ် သယ်ယူပို့ဆောင်ရေးသင်္ဘော USS New Orleans နဲ့ USS San Diego တို့နဲ့အတူ အမှတ် ၃၁ မရိန်းစစ်ဆင်ရေးတပ်ဖွဲ့တို့ ပါဝင်ပါတယ်။
တစ်ချိန်တည်းမှာ အမှတ် ၃၁ မရိန်းစစ်ဆင်ရေးတပ်ဖွဲ့မှာ ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၁,၁၀၀ ခန့် ရှိတဲ့အနက် မြေပြင်ဆင်းသက် တပ်ရင်းတစ်ရင်းနဲ့ မြေပြင်တိုက်ခိုက်ရေးအထောက်အကူပြုကိရိယာတွေ ပါဝင်ပါတယ်။
လေကြောင်းတိုက်ခိုက်ရေးအနေနဲ့လည်း ဒေါင်လိုက်တက်ဆင်းနိုင်တဲ့ Tiltrotor တွေနဲ့ ပုံသေတောင်ပံ လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ မြေပြင်ပံ့ပိုးမှုပစ္စည်းတွေနဲ့ လေကြောင်းကာကွယ်ရေးအဖွဲ့တွေ ပါဝင်ပါတယ်။
ခက်ခဲဆိုးဝါးတဲ့ ပတ်ဝန်းကျင်အခြေအနေမှာပဲ မရိန်းစစ်ဆင်ရေးတပ်ဖွဲ့ကို ၁၅ ရက်အထိ ထောက်ပံ့ပေးနိုင်တဲ့ ပစ္စည်းကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ခိုက်ရေးထောက်ပံ့ပို့ဆောင်မှု တပ်ရင်း တစ်ခုလည်း ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ဒီအဖွဲ့မှာတော့ ဆေးဘက်ဆိုင်ရာ၊ ထောက်ပံ့ရေးနဲ့ ဖောက်ခွဲရေးဆိုင်ရာ တပ်ဖွဲ့ဝင်တွေပါဝင်မှာပါ။
အခုလို အရှေ့အလယ်ပိုင်းဒေသကို စစ်ကူအင်အားတွေပေးပို့မယ်ဆိုတာနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဗဟိုစစ်တိုင်းဌာနချုပ်တို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို သတင်းစာရှင်းလင်းပွဲ အချိန်အထိ ပြန်လည်ဖြေကြားမှု မပြုကြသေးပါဘူး။ အမေရိကန်ရေတပ်ကလည်း Military Times ကို မှတ်ချက်မပေးလိုဘူးလို့ ပြောကြားခဲ့ပါတယ်။
ဗဟိုစစ်တိုင်းဌာနချုပ်က အမေရိကန်တပ်ဖွဲ့တွေဟာ စစ်ပွဲစတင်ကတည်းက အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ် ၆,၀၀၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ မတ်လ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။ အီရန်ရေတပ်သင်္ဘော ၆၀ ကျော်နဲ့ တိုက်ရေယာဥ် ၃၀ ကျော်ကိုလည်း တိုက်ခိုက်ဖယ်ရှားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက အခုအပတ် လျှို့ဝှက်သတင်းစာရှင်းလင်းပွဲမှာ အထက်လွှတ်တော်အမတ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်ရဲ့ Operation Epic Fury ရဲ့ ပထမခြောက်ရက်တာကာလအတွင်းမှာကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလျံခန့် ကုန်ကျခဲ့တယ်လို့ ပြောခဲ့တယ်ဆိုတာ အစည်းအဝေးနဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။
ဒီကုန်ကျစရိတ်မှာ စစ်ပွဲနဲ့ဆက်စပ်တဲ့ ကုန်ကျစရိတ်များစွာကို ချန်လှပ်ထားခဲ့တာကြောင့် စစ်ပွဲအတွက် စုစုပေါင်းကုန်ကျစရိတ်ကတော့ ပိုလို မြင့်တက်လာဖွယ်ရှိတယ်လို့ ညွှန်ပြနေတယ်ဆိုပါတယ်။
အမေရိကန်လေတပ် KC-135 လောင်စာဆီဖြည့်လေယာဉ်တစ်စင်းဟာ မတ်လ ၁၂ ရက်က စစ်ဆင်ရေးအတွင်းမှာပဲ ပျက်ကျခဲ့လို့ လေယာဉ်အမှုထမ်းခြောက်ဦးစလုံးသေဆုံးကာ အီရန်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေသေဆုံးမှု နှစ်ဆနီးပါး မြင့်တက်ခဲ့ရပါတယ်။
လေယာဉ်အမှုထမ်းခြောက်ဦးစလုံးဟာ ရန်လိုတဲ့ ဒါမှမဟုတ် မတော်တဆဖြစ်တဲ့ ပစ်ခတ်မှုမျိုးကြောင့် မဟုတ်ဘဲ လေယာဉ်နှစ်စင်းမတော်တဆမှုမှာ သေဆုံးခဲ့ရတာသာဖြစ်တယ်လို့ ဗဟိုစစ်တိုင်းဌာနချုပ်က မတ်လ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဖြစ်ရပ်မှာ လေယာဉ်နှစ်စင်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပြီး ဒုတိယလေယာဉ်ကတော့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Operation Epic Fury ရဲ့ ပထမနှစ်ပတ်အတွင်းမှာပဲ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရပြီး ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့ကာ ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။
Ref–MilitaryTimes
