၁၄. ၃. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က နေပြည်တော်၌ မတ်လ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) တွင် ပြောကြားသည်။
“အစိုးရအသစ်ဖွဲ့စည်းပြီး လွှတ်တော်အသစ်၊ ခေါင်းဆောင်အသစ်တွေပေါ်ထွန်းမယ့် ကာလဖြစ်တဲ့အပြင် သမိုင်းဝင်အကူးအပြောင်းကာလလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အခုကျင်းပတဲ့ ဆွေးနွေးပွဲကတစ်ဆင့် အနှစ်သာရပြည့်ဝတဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ အာဆီယံအစရှိသည့် ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုဆိုင်ရာကဏ္ဍများ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေကြောင်း၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ အားကောင်းလာမည်ဆိုပါက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။
“အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလုပ်ငန်း အစရှိတဲ့ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုက အိန္ဒိယနိုင်ငံရဲ့ မြင်တွေ့လိုတဲ့ ဆန္ဒဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟု အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။
