

နေမိုး
၁၄. ၃. ၂၀၂၆
တအာင်းလက်နက်ကိုင် TNLA က စတင်တိုက်ခိုက်၍ ယနေ့တိုက်ပွဲဖြစ်ရခြင်းဖြစ်ပြီး နောက်ဆက်တွဲပြဿနာအားလုံးကို TNLA က တာဝန်ယူရမည်ဟု ကိုးကန့်လက်နက်ကိုင် MNDAA က အသိပေး ထုတ်ပြန်လာသည်။
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် တအာင်းအဖွဲ့အစည်း (PSLF/TNLA) သည် မိမိတို့ (MNTJP/MNDAA) ၏ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးဌာနအဆင့်ဆင့်တို့အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်စီးနင်းခြင်း၊ သေနတ်ဖောက်ပြီးခြိမ်းခြောက်ခြင်း၊ တပ်ဖွဲ့ဝင်များအားရိုက်နက်မောင်းနှင်ခြင်း တို့ ကြောင့် မိမိတို့၏အုပ်ချုပ်ရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်အမြောက်အများ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ ရသည့်အပြင် ပစ္စည်းဥစ္စာများစွာလည်း ဆုံးရှုံးခဲ့ရသည်။ အရေးအခင်းဖြစ်ပွားပြီးနောက် မိမိတို့အနေဖြင့် တအာင်းအဖွဲ့အစည်းထံသို့ ရှေ့ဆင့်နောက်ဆင့် (၅) ကြိမ်တိုင်တိုင် အကြောင်းကြားစာများပေးပို့ခဲ့ပြီး ပြဿနာများကိုဦးစွာဖော်ဆောင်ခဲ့သော PSLF/TNLA မှ ကွတ်ခိုင်ခရိုင်အား ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အရေးအခင်းမဖြစ်ပွားခင်အခြေအနေအတိုင်း ပြန်လည်ဖော်ဆောင်ပေးပြီးမှ တွေ့ဆုံဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ရန်တောင်းဆိုခဲ့သော်လည်း တအာင်းအဖွဲ့အစည်းမှ အဆိုပါတောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး တွေ့ဆုံဆွေးနွေးလိုသောသဘောထားအား လုံးဝဖော်ပြခဲ့ခြင်းမရှိပေ။ မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြဿနာများကြီးထွားလာနိုင်မှုကို ကြိုတင်ကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များအား ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်ကြရန် အမြဲညွှန်ကြားခဲ့သည်။ သို့သော် PSLF/TNLA ၏လုပ်ဆောင်ချက်မှာ ပိုမိုပြင်းထန်လာပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မိမိတို့၏ သိန္နီခရိုင်အတွင်းသို့ တပ်ဖွဲ့များစေလွှတ်ကာ မိမိတို့၏ ထိန်းချုပ်နယ်မြေအား လုယူသိမ်းပိုက်ရန်ရည်ရွယ်ခဲ့သည်ဟု MNDAA က ဆိုသည်။
ယင်းအပြင် PSLF/TNLA သည် မိမိတို့၏ ခရိုင်အုပ်ချုပ်ရေးဌာနများအား အကြမ်းဖက်တိုက်ခိုက်စီးနင်းပြီးနောက် ကွတ်ခိုင်ဒေသတွင် တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းခြင်း၊ တိုင်းရင်းသားအချင်းချင်းကြား အမြင်ကွဲလွှဲမှုများဖြစ်ပွားအောင်လှုံ့ဆော်ခြင်း စသည့်လုပ်ဆောင်ချက်တို့ဖြင့် တိုင်းရင်းသားမျိုးနွယ်စုများကြား လူမျိုးရေးပဋိပက္ခများပေါက်ပွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ဖေဖော်ဝါရီ လ (၁၃) ရက်နေ့အရေးအခင်းသည် PSLF/TNLA မှ မိမိတို့အဖွဲ့အစည်းအပေါ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်ရောက်တိုက်ခိုက်စီးနင်းသောလုပ်ဆောင်ချက်ဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်ကြောင့် မိမိတို့ခဲခဲယဥ်းယဥ်း အစွမ်းကုန်ကြိုးပမ်းဖော်ဆောင်ခဲ့သောနိုင်ငံရေးအခြေအနေများ ပျက်စီးပြိုလဲသွားရသည့်အပြင် နှစ်ဦးနှစ်ဖက်၏ ညီနောင်မဟာမိတ်ဆက်ဆံရေးကိုလည်း လွန်စွာထိခိုက်စေခဲ့သည်။ အရေးအခင်းဖြစ်ပွားပြီး တစ်လကျော်ကာလအတွင်း၌ တအာင်းအဖွဲ့အစည်းအနေဖြင့် ရှေ့နောက်မညီသော အပြောအဆိုနှင့် အပြုအမူများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ပြဿနာကိုဖြေရှင်းလိုသောစိတ်ဆန္ဒလုံးဝမရှိခဲ့ပေ။
ထို့အတူ ၂၀၂၆ခုနှစ် မတ်လ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲခန့်တွင် PSLF/TNLA မှ မိမိတို့၏ ပုံမှန်ကင်းလှည့်နေသာ တပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့အနေဖြင့်လည်း မတတ်နိုင်၍ တန်ပြန်ခုခံတိုက်ခိုက်ခဲ့သည့်အတွက် ဤဖြစ်စဉ်ကြောင့်ပေါ်ပေါက်လာသည့်နောက်ဆက်တွဲ ပြဿနာအားလုံးကို တအာင်းအဖွဲ့အစည်း (PSLF/TNLA) က အပြည့်အဝတာဝန်ယူရမည်ဖြစ်သည်။
မိမိတို့အဖွဲ့အစည်းအနေဖြင့် ခဲခဲရင်းရင်း ကြိုးပမ်းဖော်ဆောင်ထားသော နိုင်ငံရေးအခြေအနေအား အလွန်မြတ်နိုးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆောင်နိုင်ရန် အမြဲမျှော်လင့်နေသည်။ ထို့အတူ မိမိတို့အနေဖြင့် ညီနောင်မဟာမိတ်ချစ်ကြည်ရေးအား အလွန်အလေးထားပြီး အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ရေးပွတ်တိုက်မှုများဖြစ်ပွားခြင်းကိုလုံးဝမလိုလားပေ။ သို့သော် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာများနင်းချေခံရခြင်း၊ လူမှုဘဝရှင်သန်ရေးကိုခြိမ်းခြောက်ခံရခြင်း အစရှိသည့်လုပ်ဆောင်ချက်များ ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့်လည်း အစွမ်းကုန်ခုခံကာကွယ် သွားမည်ဟု ထုတ်ပြန်ကြေညာအပ်ပါသည်ဟု MNDAA က ထုတ်ပြန်ထားသည်။
TNLA ၏ လက်နက်ကိုင်အချင်းချင်း ဗိုလ်ကျတိုက်ခိုက်မှုများကြောင့် ယနေ့နံနက် ၁၀ နာရီခွဲမှစတင်ကာ MNDAA က ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာရှိ TNLA လက်နက်ကိုင်စခန်းများကို အင်အားထောင်ချီအသုံးပြုကာ TNLA လက်နက်ကိုင်ရာချီကို ဖမ်းဆီးထားသည်။
