◾️ အရန်စက်သုံးဆီ ဓာတ်ဆီ ရက် ၄၀ စာနှင့် ဒီဇယ်ရက် ၅၀ စာရှိသည့်အပြင် ယခုမတ်လနှင့် ဧပြီလတို့အတွင်း မြန်မာနိုင်ငံသို့ ဆီများဝင်လာနိုင်ရန် စာချုပ်ချုပ်ဆိုပြီး သင်္ဘောပေါင်း ၁၉ စင်းရှိ
◾️ ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် အစိုးရကူညီထောက်ပံ့မှုကြောင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သည့်ဈေးနှုန်းသာ ရှိသေးဟုပါ ပြောကြား


၁၄. ၆. ၂၀၂၆
Written by Nyein Kyaw
လက်ရှိနိုင်ငံတကာအခြေအနေအရ စက်သုံးဆီချွေတာရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပြီး QR Code သုံး၍ စက်သုံးဆီရောင်းချရာတွင် ဖြစ်ပေါ်နေသည့် အမှားအယွင်းများကိုလည်း အမြန်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ဖြေကြားသည်။
မတ်လ ၁၄ ရက် (ယနေ့)အထိ မြန်မာနိုင်ငံ၏ အရန်စက်သုံးဆီလက်ကျန်အခြေအနေသည် ဓာတ်ဆီဂါလံသန်း ၆၀ ကျော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက် ၄၀ စာနှင့် ဒီဇယ်ဂါလံ ၈၅ သန်းကျော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက် ၅၀ စာ အရန်ဆီအဖြစ် ရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အခုဆိပ်ကမ်းမှာဆီချနေတဲ့ သင်္ဘောသုံးစင်းရှိပါတယ်။ ရန်ကုန်ဆိပ်ကမ်းဝမှာ ရောက်နေတာ နှစ်စင်းရှိပါတယ်။ လမ်းကြောင်းပေါ်မှာ မြန်မာနိုင်ငံကိုလာနေတာက သုံးစင်းရှိပါတယ်။ ဆီတင်ဖို့အတွက် နိုင်ငံခြားဆိပ်ကမ်းမှာ စောင့်နေတာက ၁၂ စင်းရှိပြီးဖြစ်ပါတယ်။ ဒီမတ်လနဲ့ ဧပြီလထဲမှာ မြန်မာနိုင်ငံအတွင်းကို ဆီများဝင်လာနိုင်ဖို့ စာချုပ်ချုပ်ဆိုပြီး၊ လုပ်ဆောင်ထားပြီး သင်္ဘောပေါင်း ၁၉ စင်းရှိပါတယ်။ ဒါကြောင့် စက်သုံးဆီနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များတွင် QR Code သုံးပြီး ဆီရောင်းချခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု တွေ့ကြုံနေရသည့် အခက်အခဲများကို အစိုးရအနေဖြင့်လည်း သိရှိကြောင်းနှင့် အခက်အခဲများကို အမြန်ဆုံးဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ Sever နဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမှားအယွင်းရှိမှုတွေကို အထူးအလေးထားပြီး အမြန်ဖြေရှင်းဆောင်ရွက်ပေးသွားပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ရေနံဈေးနှုန်းသည်လည်း ယခင်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်သွားသည့်အပြင် သင်္ဘောတင်ခများ၊ အာမခံကြေးများလည်း မြင့်တက်နေခြင်းကြောင့် စက်သုံးဆီချွေတာရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေရာမှာတော့ ကမ္ဘာ့ရေနံဈေးနှုန်းကလည်း ယခင်ကထက် ၅၀ ရာခိုင်နှုန်းလောက် တက်သွားတာတွေ့ရပြီး သင်္ဘောခတွေ၊ အာမခံကြေးတွေလည်း မြင့်တက်နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် စက်သုံးဆီချွေတာရေးအစီအစဉ်တွေကိုတော့ ဆက်လုပ်သွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်း၊ အခက်အခဲများနှင့် ပတ်သက်ပြီး ပြည်သူများထံ အဓိက အချက်သုံးချက်ကို အသိပေးလိုကြောင်း နံပါတ်တစ်အနေဖြင့် မြန်မာနိုင်ငံတွင် အရန်စက်သုံးဆီ လုံလောက်စွာရှိပြီး နောက်ထပ်လည်း ထပ်မံဝင်ရောက်မည့်အပြင် စက်သုံးဆီ မပြတ်လပ်စေရေး ခိုင်မာသည့်အစီအစဉ်များ သဘောတူညီချက်များလည်းရရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နံပါတ်နှစ်အနေဖြင့် ကမ္ဘာ့စက်သုံးဆီဈေးများ မြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အစိုးရ၏ ကူညီထောက်ပံ့မှုကြောင့် သင့်တင့်သည့်ဈေးနှုန်းသာရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နံပါတ်သုံးအနေဖြင့် နိုင်ငံတကာအခြေအနေအရ စက်သုံးဆီချွေတာရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ခြင်းကြောင့် ပြည်သူများအားလုံးကလည်း ဝိုင်းဝန်းပါဝင်ကူညီပေးရန် မေတ္တာရပ်ခံအပ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
