၁၄. ၃. ၂၀၂၆
Written by Nyein Kyaw
တရားမဝင် လိုင်စင်မဲ့ယာဉ်များကို အဖွဲ့စုံဖြင့် ညအချိန်အပါအဝင် စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မှာကြားသည်။
အဆိုပါ အစည်းအဝေးတွင် ဆီဆိုင်များအား မှန်ကန်စွာဖြင့် ခွဲဝေရောင်းချရေးနှင့် ဆီဆိုင်များသို့ ခွဲဝေစက်သုံးဆီများအား တိုင်းဒေသကြီးအတွင်း အချိန်နှင့်တစ်ပြေးညီရောက်ရှိရေး၊ မည်သူမဆို တရားမဝင် ဆီသိုလှောင် ရောင်းဝယ်မှုများ မရှိစေရန် အဖွဲ့စုံဖြင့်စစ်ဆေးအရေးယူရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားသည်။
ထို့ပြင် စုံအက္ခရာ၊ မအက္ခရာကားများစုံရက်နှင့် မရက်အလိုက် ဆီဖြည့်တင်းမှုနှင့် မောင်းနှင်မှုကို စနစ်တကျရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ယာဉ်များကို အဖွဲ့စုံဖြင့် ညအချိန်အပါအဝင် စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်ရေး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းသို ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကိုလည်း တွေ့ရှိရသည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းရောက်ရှိပြီးနောက် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များ သတ်မှတ်ကာလများအတွင်း မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
