သက်တံ့
၁၄. ၃. ၂၀၂၆
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက ဒေါ်လာ ၁၆ သန်းကျော်နဲ့ ဝယ်ယူထားတဲ့ မြန်မာ့ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ စံအိမ်ကြီးဟာ လက်ရှိမှာ လစဉ်ကြေး ပုံမှန်ပေးသွင်းမှုမရှိတဲ့ Preforeclosure ခေါင်းစဉ်အောက်မှာ ဒေါ်လာ ၂၁ သန်းကျော်နဲ့ Zillow က အရောင်းတင်ထားတာကို တွေ့လာနေရပါတယ်။
Preforeclosure ဆိုတာ အိမ်လခ၊ လစဉ်ပေးသွင်းရမယ့်ငွေ၊ အိမ်ခွန်တို့ကို ပုံမှန် မပေးသွင်းတဲ့ အိမ်ဖြစ်လို့ ငွေချေးထားတဲ့ ကုမ္ပဏီကနေ ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ ပေါက်ဈေးနဲ့ လေလံတင်ရောင်းချခွင့်ပြုနိုင်တဲ့ သဘောလို့ အကြမ်းဖျင်းဆိုနိုင်တယ်လို့လည်း အမေရိကန်အခြေစိုက် နေရာတကာသတင်းဌာနက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားက Hidden Hills မှာ ၂၀ဝ၇ ခုနှစ်ကမှ ဆောက်ထားတဲ့ အဲဒီစံအိမ်ဟာ အိမ်ခန်း ၈ ခန်းနဲ့ အိမ်သာ၊ ရေချိုးခန်း ၁၂ ခန်းပါရှိပြီး မြေခွန်ချည်း တစ်နှစ်ကို ဒေါ်လာ ၂ သိန်းကျော်ပေးဆောင်ရသလို အိမ်အာမခံကလည်း အိမ်ဖိုးအကြွေး မကြေသေးသရွှေ့ တသက်လုံး ပေးရပြီး အခု ဒီအိမ်ရဲ့ အိမ်အာမခံကြေးက တစ်နှစ်ကို ၈ သောင်းကျော်ကျလို့ လစဉ်အနေနဲ့ ဒေါ်လာ ၇ ထောင်ကျော်ပေးဆောင်ရတယ် ဆိုပါတယ်။ ဒါ့အပြင် အိမ်ရဲ့ ကုန်ကျစရိတ် အကြမ်းဖျင်းတွက်ကြည့်ရင် ရေခ၊ မီးခဖိုးတွေမတွက်ဘဲ မြေခွန်နဲ့ အာမခံကြေးနှစ်ခုတည်းနဲ့တင် အိမ်အတွက် တစ်လကို ဒေါ်လာ ၂ သောင်းခွဲနီးပါး ကုန်ကျစရိတ်ရှိပြီး လစဉ် အိမ်ဖိုးဆပ်ရမယ့် ဒေါ်လာ ၁ သိန်းကျော်၊ အကြွေးပါထည့်ပေါင်းရင် အနည်းဆုံး လစဉ်ပေးရမှာ ဒေါ်လာ တစ်သိန်းခွဲလောက် ကုန်ကျစရိတ်အနည်းဆုံးရှိမယ်လို့ တွက်ဆရပြီး စမိုင်းလ်တို့အိမ် လေလံတင် ရောင်းချလာတော့မယ့် စာရင်းထဲပါနေတာ ၂ လနီးပါး ဖြစ်နေပြီလို့ Zillow က ဖော်ပြထားတယ်လို့လည်း နေရာတကာက ဆိုပါတယ်။
ဒါပေမဲ့လည်း ချီကာဂိုမှာ အိမ်ခြံမြေအေးဂျင့်လုပ်နေတဲ့ ခိုင်သွယ်ဆိုသူ အကောင့်ပိုင်ရှင်ကတော့ စမိုင်းလ်ရဲ့နေအိမ်ဟာ စျေးကွက်တင်ခံရတာမဟုတ်ဘဲ ဖြေရှင်းဖို့ အချိန်အများကြီးကျန်သေးတယ်လို့ ဆိုပါတယ်။
“Myanmar Cele တစ်ယောက်ရဲ့ အိမ် Pre Foreclosure Status က Active listing အိမ်ရောင်းဖို့ တင်တာ မဟုတ်ပါဘူးရှင်။ Mortgage ၃ လ သို့ ၄ လ နောက်ကျရင် Lender က NOD (Notice of Default) ထုတ်ပါတယ်။ ဒါက Public Record ထဲရောက်သွားတာနဲ့ Zillow က တစ်ခါတည်းဖမ်းပြီး Potential for sale အဖြစ် လူစိတ်ဝင်စားအောင် Display ပြလိုက်ပါတယ်။ Redemption လုပ်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။ County assessor office ကို ဝင်စပ်စုတော့လည်း Tax တွေ ဘာတွေ အားလုံး အချိန်မီ ပေးထားပါတယ်။ ၂၀၂၂ ဝယ်တုန်းက 16 mil + လက်ရှိတန်ဖိုး 22 mil နီးပါး ဆိုတော့ ဘယ်လိုတွက်တွက် မြတ်နေပါပြီ။ ၄ နှစ်အတွင်းမှာ။ California ရဲ့ Foreclosure process ကတော့ မြန်ပါတယ်။ Non judicial ဖြစ်လို့ တရားရုံး တက်စရာမလိုပါဘူး။ ၆ လကနေ ၉ လလောက် ကြာပါတယ်။ သူဌေးတွေက ၃/၄ လစာက ခဏရှာရင် ရသွားပါလိမ့်မယ်။ စိတ်ပူစရာမရှိလောက်ပါ။ ဖြစ်ရင်တော့ 22mil နဲ့ ရောင်းထွက်ဖို့ ခက်ပါတယ်။ Lender က အနည်းငယ် အောက်စျေးချပြီး ရောင်းတတ်ကြလို့ 1.8 လောက်ကစ စျေးခေါ် နိုင်ပါတယ်။ မဖြစ်ခင် ကိုယ်တိုင်ရောင်းတာ စျေးပိုရပါတယ်”လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်အပေါ် စမိုင်းလ်ဘက်ကတော့ မှန်/မမှန် တုံ့ပြန်လာတာ မတွေ့ရသေးဘဲ ဒီဖြစ်စဥ်အပေါ် ဖြေရှင်းဆောင်ရွက်လာရင် ဆက်လက် ဖော်ပြပေးပါမယ်။
