နေမိုး
၁၄. ၃. ၂၀၂၆
တအာင်းလက်နက်ကိုင် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ဒီနေ့မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ကစ ကိုးကန့်လက်နက်ကိုင် MNDAA က လက်နက်ကြီးတွေနဲ့ စတင်ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ Ta’ang Women’s Organization က သိရပါတယ်။
ဒီနေ့ မနက်မှာ ကွတ်ခိုင်မြို့ လွယ်ဆမ်ဆစ်တောင်ခြေ ရှမ်းသင်္ချိုင်းကုန်း၊ မော်ဟန်၊ ရှုခင်းသာ စတဲ့ ဘက်ပေါင်းစုံက စတင်ပစ်ခတ်နေပြီး မန်ပိန်းရွာနဲ့ ကျင်စန်းကျော့ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။




“ကွတ်ခိုင်အပါအဝင် ကိုးကန့်တပ်နဲ့တအာင်းတပ် နယ်ချင်းထိစပ်နေတဲ့ နေရာအားလုံးကို ကိုးကန့်တပ်က တစ်ချိန်တည်း လက်နက်အများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပုံစံဟာ တိုက်ဖို့ လနဲ့ချီ ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပုံရ။ လက်ရှိ ကွတ်ခိုင် ပတ်ပတ်လည် ညီနောင် ၃ ဖွဲ့ ပေါင်းထိန်းချုပ်တဲ့ ကျင်စန်းကျော့၊ နမ့်ဖက်ကာရွာတွေမှာတစ်ပြိုင်နက် စစ်ရေးဖော်ခဲ့ပြီး လက်ရှိ မပစ်ခတ်သေးတာ သိန္နီ-နမ္မတူ၊ လားရှိုး-နမ္မတူ အစပ်နေရာသာ ကျန်ရှိပါတယ်”လို့ TNLA မီဒီယာ ရွှေဖီမြေက မိုင်းအနိုင်က ရေးသားထားပါတယ်။
TNLA နဲ့ MNDAA ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြပေမဲ့ TNLA က MNDAA လက်နက်ကိုင်တွေကို အကြိမ်ကြိမ်ဖမ်းဆီးတိုက်ခိုက်တာ ပြုလုပ်ပြီးတဲ့နောက် မတ်လ ၁၀ ရက်နေ့ဝန်းကျင်ထဲက MNDAA က အင်အားဖြည့်တင်းလာပြီး ပြန်လည်ထိုးစစ်ဆင်ပြီး ကွတ်ခိုင်ကို နယ်မြေလုထားတဲ့ TNLA ဆီကနေ နယ်မြေထပ်လုဖို့ ကြံရွယ်လာတာဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာထဲက TNLA ရဲ့ အုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို MNDAA က ဒီမနက်မှာပဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
MNDAA ရဲ့ မြို့သိမ်းစစ်ဆင်ရေးကြောင့် TNLA ရဲ့ ကျောင်းမှာ တက်ရောက်ပြီးစာမေးပွဲဖြေနေတဲ့သူတွေ စာမေးပွဲဆက်မဖြေရဲဘဲ ထွက်ပြေးနေတယ်လို့ သိရသလို အကြမ်းဖက်လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ဒီကွတ်ခိုင်မြို့လုစစ်ဆင်ရေးနဲ့ပတ်သက်လို့တော့ နှစ်ဖက်စလုံးက ထုတ်ပြန်လာမှုမရှိသေးသလို ပြည်သူသေဆုံးသတင်းတွေလည်း မသိရသေးပါဘူး။
