၁၄.၃.၂၀၂၆
Written by Linn Eain
လူမှောင်ခိုကူးခြင်း ဂိုဏ်းဖွဲ့ကျူးလွန်သူများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် လက်ရှိအရေးယူဆောင်ရွက်နေသည့် ဥပဒေများထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရန် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)အား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အကြံပြုချက်များနှင့်အညီရေးဆွဲပြီး ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မတ် ၁၃ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမတွင် မတ် ၁၃ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး(၁/၂၀၂၆) ” တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက “လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများ၏ လုပ်သားလိုအပ်ချက်၊ အာဆီယံဒေသတွင်း နိုင်ငံအချို့၏ လုပ်သားလိုအပ်ချက်များအပေါ်အခြေပြုပြီး မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင်လိုသူများကို ပြည်ပသို့ တရားမဝင်ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများသည် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်လာခဲ့ကြသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် လက်ရှိပြဋ္ဌာန်း အသုံးပြုလျက်ရှိသည့် ရာဇသတ်ကြီး ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတွေကို အမှီပြု၍သာ ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခဲ့ရကြောင်း၊ ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှောင်ခိုကူးသူများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် လက်ရှိအရေးယူဆောင်ရွက်နေသည့် ဥပဒေများထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရန်အတွက် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)အား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များနှင့်အညီ ရေးဆွဲပြီး ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ” အဆိုပါ လုပ်ငန်းအဖွဲ့အစည်းဝေးတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ထိရောက်စွာအထောက်အကူပြုမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ ယနေ့ အချိန်ထိဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်များသည် ယခင်နှစ်များနှင့်မတူဘဲ ပိုမိုဆန်းသစ်သော ခေါင်းပုံဖြတ်မှုများကို တွေ့ရှိလာရသည့်အတွက် ပြောင်းလဲလာသောအခြေအနေများအပေါ်မူတည်ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)အပေါ်အခြေခံပြီး ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင် လုပ်ငန်းကဏ္ဍ (၄)ရပ်ဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုနှင့် ဆက်နွှယ်ဖြစ်ပွားလျက်ရှိသော လုပ်ငန်းစဉ်များ၊ အသစ်ထပ်မံထည့်သွင်းလိုသည့် လုပ်ငန်းစဉ်များ၊ ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံများအား တားဆီးတိုက်ဖျက်နှိမ်နင်းနိုင်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တပ်ဖွဲ့ များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပြင်ဆင်/ဖြည့်စွက် အကြံပြုချက် များနှင့်အညီ ရေးဆွဲထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်က စတင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်စီမံကိန်းများ အသီးသီးရေးဆွဲပြီး စီမံကိန်းပါလုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်းစီမံချက်များနှင့် လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီးလူကုန်ကူးမှုတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
