၁၄. ၃. ၂၀၂၆
Written by Thiri
လူပြတ်တဲ့ ဘတ်စ်ကားမှတ်တိုင်မှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ထိုင်လျက်သေဆုံးနေတဲ့ ဖြစ်စဉ် မနေ့က မတ်လ ၁၃ ရက်နေ့ ညဦးပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ကားမှတ်တိုင်မှာ အခြေအနေမဲ့ လူကြီးတစ်ယောက် ပုံပါအတိုင်း ထိုင်လျက်နေထိုင်တာ အချိန်ကြာပြီဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်းပေးလို့ လူမှုကူညီရေးအသင်းက သွားရောက်ခဲ့ရာ တောင့်တင်းသေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တွေ့တော့ လူက သေဆုံးနေတာ လေး၊ ငါး နာရီလောက်ကြာပြီလို့ ခန့်မှန်းရတယ်။ ဘယ်ကမှန်း ဘယ်သူမှန်းလဲမသိဘူး။ ပတ်ဝန်းကျင်ကလည်း လူပြတ်တယ်။ သူနဲ့ ပတ်သက်တဲ့ အမှတ်အသားလည်း ဘာမှမတွေ့ရဘူး။ ကိုယ်ပိုင်ပစ္စည်းဘာမှမရှိတာပေါ့” လို့ ဝန်းရံမှူးလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
လူသေဆုံးနေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားကာ စုံစမ်းစစ်ဆေးမှုတွေအပြီး ဝန်းရံမှူး လူမှုကူညီရေးအသင်းက ရုပ်အလောင်းကို စနစ်တကျ ထုပ်ပိုးကာ သေဆုံးခဲ့တဲ့နေရာတစ်ဝိုက် ပိုးသတ် သန့်ရှင်းရေးတွေ ပြုလုပ်ပေးခဲ့ပြီး အသင်းပိုင်ယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
