သက်တံ့
၁၄. ၃. ၂၀၂၆
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် အီရန်၏ တိုက်ခိုက်မှုခံခဲ့ရသည့် MV Mayuree Naree ကုန်တင်သင်္ဘောပျက်ပေါ်တွင် ထိုင်းသင်္ဘောသား ၃ ဦးမှာ အသက်ရှင်လျက် ရှိနေဆဲဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ် စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Thadawut Thatphithakkul က ပြောကြားခဲ့သည်။
ဖြစ်ရပ်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဟော်မုဇ်ရေလက်ကြားဖြတ်သန်းပြီးစအချိန် အိုမန်နိုင်ငံအနီး ရေပြင်တွင် ခုတ်မောင်းနေစဉ် တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက သောကြာနေ့တွင် ပြောကြားခဲ့သည်။
သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အိုမန်နိုင်ငံ၊ ခါဆပ်ဆိပ်ကမ်းမြို့သို့ ပို့ဆောင်ထားရှိကာ နေရပ်ပြန်နိုင်ရန် စောင့်ဆိုင်းရင်း စောင့်ရှောက်မှု ခံယူနေကြသည်။ ကျန်ရှိနေသော သင်္ဘောသား ၃ ဦးမှာမူ သင်္ဘောပေါ်တွင် ရှိနေဆဲဖြစ်ပြီး ၎င်းတို့မှာ အသက်ရှင်လျက်ရှိကြောင်း သင်္ဘောပိုင်ရှင်၏ ပြောကြားချက်ကို ကိုးကား၍ ရေတပ်ဗိုလ်ချုပ်ကြီး Thadawut က အတည်ပြုသည်။
”အဲဒီဒေသမှာရှိတဲ့ အီရန်တပ်ဖွဲ့တွေက သင်္ဘောတွေကို ပစ်ခတ်နိုင်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ချဉ်းကပ်ဖို့ အလွန်အန္တရာယ်များနေလို့ ကယ်ဆယ်ရေးသင်္ဘောတွေ အခုထိ သူတို့ဆီ မရောက်နိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ သင်္ဘောသား ၃ ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးနေသော်လည်း သေဆုံးသူမရှိကြောင်း အတည်ပြုထားသည်။
သို့သော်လည်း အသက်ရှင်ကျန်ရစ်သူများ ရှိနေခြင်းကို အိုမန်အစိုးရထံမှ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။
ထိုင်းတော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Parach Rattanachaiyaphan က ထိုင်းတာဝန်ရှိသူများသည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သင်္ဘောသား ၂၃ ဦးလုံးအတွက် လိုအပ်သည့် အကူအညီများကို သံတမန်ရေးရာနှင့် ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း ပြောသည်။
နိုင်ငံရပ်ခြားရှိ ထိုင်းနိုင်ငံသားများကို ကူညီရန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သောကြောင့် ရေတပ်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ရေး ကဏ္ဍတွင်သာ အဓိက ပါဝင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အစိုးရအိမ်တော်၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ရေကြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Kritpetch Chaichuay က လက်ရှိတွင် အာရေဗျပင်လယ်ကွေ့အတွင်း ထိုင်းနိုင်ငံအလံလွှင့်ထူထားသည့် သင်္ဘောများ သွားလာခြင်း မရှိကြောင်း ပြောကြားသည်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော်လည်း စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သင်္ဘောနှစ်စင်းမှာမူ ယူအေအီး (UAE) တွင် ဘေးကင်းစွာ ဆိုက်ကပ်ထားပြီး ၎င်းသင်္ဘောများပေါ်တွင် ထိုင်းသင်္ဘောသား ၃၆ ဦးနှင့် နိုင်ငံခြားသား သင်္ဘောသားများ ပါရှိကြောင်း သိရသည်။
”ဒီသင်္ဘောသား ၃၆ ဦးဟာ ယူအေအီးမှာ ဘေးကင်းပါတယ်” ဟု မစ္စတာ Kritpetch က ဆိုသည်။
Mayuree Naree သင်္ဘောမှ ကယ်ဆယ်ထားသည့် သင်္ဘောသားများသည် ခါဆပ်မြို့မှ မတ်စကတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကားဖြင့် သွားရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် ပြန်လာကြမည်ဖြစ်သည်။ မတ်စကတ်မြို့ရှိ ထိုင်းသံရုံးက ၎င်းတို့ ခရီးသွားလာမှု လွယ်ကူစေရန် အရေးပေါ်နိုင်ငံကူးလက်မှတ် (Emergency Passports) များ ထုတ်ပေးထားပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် သင်္ဘောပိုင်ရှင်ဖြစ်သော Precious Shipping Plc က ၎င်းတို့၏သင်္ဘောသည် မတိုက်ခိုက်ခံရမီ ရေကြောင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားလုံးကို လိုက်နာခဲ့ကြောင်း အတည်ပြုခဲ့သည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် သင်္ဘောသည် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ဗြိတိန်ရေကြောင်း ကုန်သွယ်မှုစစ်ဆင်ရေးအဖွဲ့ (UKMTO) နှင့် ထိုင်းတော်ဝင်ရေတပ် အပါအဝင် ရေကြောင်းလုံခြုံရေး အေဂျင်စီများနှင့် ခရီးစဉ်တစ်လျှောက် ပုံမှန်ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ပါရှန်းပင်လယ်ကွေ့မှ မထွက်ခွာမီ ရေကြောင်းအကြံပေးများ၊ အာမခံကုမ္ပဏီများနှင့်အတူ ဘက်စုံလုံခြုံရေး အကဲဖြတ်မှုများ ပြုလုပ်ခဲ့ပြီး ရရှိထားသည့် သတင်းအချက်အလက်များအရ ထပ်ဆောင်းသတိထားမှုများဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်သည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။
Precious Shipping ကုမ္ပဏီသည် သင်္ဘောသား ၂၀ ဦးအား ကယ်ဆယ်ရာတွင် ကူညီပေးခဲ့ပြီး ယာယီခိုလှုံရာနေရာ ပေးခဲ့သည့် အိုမန်တော်ဝင်ရေတပ်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ အဓိကဦးစားပေးမှာ သင်္ဘောပေါ်တွင် ကျန်ရှိနေသည့် သင်္ဘောသား ၃ ဦးကို ဘေးကင်းစွာ ပြန်လည်ကယ်တင်နိုင်ရေးနှင့် ကယ်ဆယ်ပြီးသားသူများကို နေရပ်သို့ အမြန်ဆုံး ပြန်လည်စေလွှတ်နိုင်ရေးဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
Ref: Bangkok Post
