သတိုး
၁၂. ၃. ၂၀၂၆
မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး တောင်ကိုရီးယားနိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသည့် အချစ်ကျားဖြန့် (Romance Scam) ငွေလိမ်ဂိုဏ်း၌ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိရသော လူငယ်အမျိုးသားအများအပြားကို တောင်ကိုရီးယား အစိုးရရှေ့နေများက တရားစွဲဆိုလိုက်သည်။
ဆိုးလ်အရှေ့ပိုင်းခရိုင် အစိုးရရှေ့နေရုံးက မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်အရ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Park ဟု လူသိများသည့် ရာဇ၀တ်မှုဇုန်အတွင်း အခြေစိုက်လှုပ်ရှားမှုတွင် ပါဝင်နေသည့် အသက် ၂၃ နှစ်မှ ၃၄ နှစ်အတွင်းရှိ အမျိုးသား ၉ ဦးကို ရာဇ၀တ်ဂိုဏ်းတွင် ပါဝင်ပတ်သက်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုခံရသူ ၉ ဦးအနက် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၃ ဦးကိုမူ ဖမ်းဆီးခြင်းမပြုဘဲ တရားစွဲဆိုထားသည်။ ကျန်ရှိနေသည့် တစ်ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။
◾️ အမှုဖွင့်ခံရသူတို့၏ ကျူးလွန်မှုအဆင့်ဆင့်
အစိုးရရှေ့နေများ၏ ပြောကြားချက်အရ အဆိုပါ အမျိုးသားများသည် တောင်ကိုရီးယားနိုင်ငံသားများကို ပစ်မှတ်ထားရန် တရုတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးက မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသည့် ရာဇ၀တ်မှုနယ်မြေအတွင်းရှိ အချစ်ကျားဖြန့်ကွန်ရက်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့သည် ကျားဖြန့်ဂိုဏ်းအတွင်း၌ သားကောင်ဖြစ်မည့်သူများကို ဆက်သွယ်ရသူများ (Call-centre Operators)၊ အဖွဲ့ဝင်သစ်များကို စုဆောင်းရသူများ (Recruiters) နှင့် လိမ်လည်မှုတွင် ပါဝင်သည့် တောင်ကိုရီးယားနိုင်ငံသားများကို စီမံခန့်ခွဲရသူများ (Supervisors) စသည်ဖြင့် အခန်းကဏ္ဍအသီးသီးမှ တာဝန်ယူခဲ့ကြသည်ဟု သိရသည်။
အာဏာပိုင်များ၏ အဆိုအရ အဆိုပါ သံသယရှိသူအချို့သည် နောက်ပိုင်းတွင် တောင်ကိုရီးယားသို့ ပြန်လာခဲ့ပြီး ပြည်တွင်းရှိ Voice-phishing (ဖုန်းဖြင့် ငွေလိမ်သည့်ဂိုဏ်း) များတွင် ငွေကြေးခဝါချသူများအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ ၎င်းတို့သည် ပြည်ပတွင် အလုပ်လုပ်စဉ်က ရရှိခဲ့သည့် ငွေလိမ်ဂိုဏ်းများ၏ ဖွဲ့စည်းပုံနှင့် ငွေကြေးစီးဆင်းမှု ဗဟုသုတများကို အသုံးချကာ အမည်ခံ ဘဏ်အကောင့်များမှတစ်ဆင့် လိမ်လည်ရရှိငွေများကို လွှဲပြောင်းပေးခဲ့ကြသည်။
အချို့မှာမူ “Pressing accounts” ဟု ခေါ်သည့် နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ၎င်းမှာ ပြည်ပရှိ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များ၏ ခွင့်ပြုချက်မပါဘဲ အမည်ခံအကောင့်ထဲသို့ ရောက်ရှိလာသည့် ငွေလိမ်ဂိုဏ်း၏ အမြတ်ငွေများကို ကြားဖြတ်ထုတ်ယူသည့် နည်းလမ်းဖြစ်သည်။
◾️ စုံစမ်းစစ်ဆေးမှုနှင့် ဖော်ထုတ်နိုင်ခြင်း
အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းပေးချက် ရရှိပြီးနောက် ၂၀၂၅ ခုနှစ် ဇွန်လတွင် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် သံသယရှိသူများက ထွက်ဆိုရန် ငြင်းဆန်ခြင်းနှင့် အချင်းချင်း အဆက်အသွယ်ဖြတ်တောက်ထားခြင်းတို့ကြောင့် စုံစမ်းစစ်ဆေးမှုမှာ ကြန့်ကြာနေခဲ့သည်။
သို့သော် တောင်ကိုရီးယားပြည်တွင်းငွေကြေးခဝါချမှုကွန်ရက်မှ အသက် ၂၆ နှစ်အရွယ် အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ၎င်းတို့ထံမှ မြန်မာနိုင်ငံရှိ လှုပ်ရှားမှုများကို နှုတ်ပိတ်ထားရန် ညွှန်ကြားထားသည့် ပေးစာတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့ရာမှ သတင်းအစအန ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါစာတွင် ပါဝင်ပတ်သက်သူများ၏ အမည်စာရင်းနှင့် အသေးစိတ် အချက်အလက်များကို ထုတ်မပြောရန် တိုက်တွန်းချက်များ ပါဝင်နေသည်။
◾️ ကျားဖြန့်ငွေလိမ်ခြင်းဖြင့် ရရှိသည့် အကျိုးအမြတ်များ
စုံစမ်းစစ်ဆေးသူများသည် သံသယရှိသူတစ်ဦး၏ ဖုန်းအတွင်းမှ ကျားဖြန့်ဂိုဏ်း၏ အကျိုးခံစားခွင့်စနစ် မှတ်တမ်းများကိုလည်း တွေ့ရှိခဲ့သည်။ မှတ်တမ်းများအရ ကျားဖြန့်ဂိုဏ်းဝင်များကို အခြေခံလစာအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ (စင်ကာပူဒေါ်လာ ၁,၉၀၀ ခန့်) ပေးအပ်ထားသည်။ ထို့အပြင် လိမ်လည်ရရှိသည့် ငွေကြေးပမာဏအပေါ် မူတည်၍ ကော်မရှင်ခများ ထပ်ဆောင်းပေးသည်ဟုလည်း သိရသည်။
မှတ်တမ်းများအရ လိမ်လည်ရရှိငွေ ဒေါ်လာ ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိပါက ၅ ရာခိုင်နှုန်း၊ ဒေါ်လာ ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ကြားရှိပါက ၆ ရာခိုင်နှုန်း ကော်မရှင်ပေးကြောင်း တွေ့ရသည်။ အချို့ဖြစ်စဉ်များတွင် လိမ်လည်ရရှိငွေမှာ ဝမ် သန်း ၇၀ မှ ၁ ဒသမ ၄ ဘီလျံအထိ ရှိနေတတ်သဖြင့် အဖွဲ့ဝင်အချို့မှာ ကော်မရှင်ခ ဝမ် ၁၆၀ သန်းခန့်အထိ ရရှိခဲ့ကြကြောင်း သိရသည်။
Ref : THE KOREA HERALD / ASIA NEWS NETWORK & The Straits Times
