သက်တံ့
၁၂. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်ရှိ ဒေသခံများသည် လူကုန်ကူးဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံရပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံနေရသည်ဟုဆိုသည့် တရုတ်နိုင်ငံသား ၄ ဦးကို ကယ်တင်နိုင်ခဲ့ကြသည်ဟု ထိုင်းဒေသတွင်းသတင်းဌာနများက ယနေ့ ဖော်ပြသည်။
မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Kantapong Piphatmontrikul က မတ်လ ၉ ရက် (တနင်္လာနေ့) ည ၉ နာရီခွဲခန့်တွင် အဆိုပါ ကယ်ဆယ်ရေး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ThaiRath သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘန်းရင်းမွေ (Ban Rim Moei) ရပ်ကွက်ရှိ ဒေသခံများသည် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်သည့် တရုတ်နိုင်ငံသား ၄ ဦးအား ကူညီထားကြောင်း ရပ်ကွက်ခေါင်းဆောင်ထံ အကြောင်းကြားခဲ့ရာမှာ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ အမည်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ အဖွဲ့သည် အကူအညီတောင်းခံရန်အတွက် တက်ခ်ပြည်နယ် လိုင်စင်ပြား တပ်ဆင်ထားသော ခဲရောင် Chevrolet ပစ်ကပ်ကားပေါ်မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ ကားမောင်းသူမှာ ထိုင်းနိုင်ငံသားဖြစ်မည်ဟု သံသယရှိကြသည်။
ဒေသခံများသည် အဆိုပါ ဖြစ်ရပ်၏ CCTV မှတ်တမ်းကိုလည်း မျှဝေခဲ့ကြသည်။ ဗီဒီယိုမှတ်တမ်းတွင် ယာဉ်မောင်း၏ ဘေးတွင် ထိုင်နေသော တရုတ်အမျိုးသားတစ်ဦးသည် ကားတံခါးကို အတင်းတွန်းဖွင့်ကာ မောင်းနှင်နေသည့် ကားပေါ်မှ ခုန်ချခဲ့သည်။ ထို့နောက် နောက်ခန်းတွင် ကျန်နေခဲ့သူများကို ကူညီရန် ကားတံခါးကို ဖွင့်ရန် ကြိုးပမ်းသော်လည်း ယာဉ်မောင်းက ၎င်းကို တားဆီးရန် ကားကို ရှေ့သို့ ဆက်မောင်းခဲ့သည်။ သို့သော် ထိုအမျိုးသားသည် ကားပေါ်သို့ ပြန်တက်ကာ တံခါးကိုဖွင့်ပြီး ကျန်ရှိနေသည့် လူ ၃ ဦးကို လွတ်မြောက်အောင် ကူညီပေးခဲ့သည်။
ဆူညံသံများ ကြားရသဖြင့် ဒေသခံများ ထွက်လာပြီး စစ်ဆေးခဲ့ကြစဉ် ယာဉ်မောင်းမှာ ကားတံခါးကို ဖွင့်ရက်သားဖြင့် ထားခဲ့ကာ အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သတင်းအရ သိရသည်။
ရပ်ကွက်ခေါင်းဆောင်သည် တရုတ်နိုင်ငံသား ၄ ဦးကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ လည်ပတ်ရန် လှည့်ဖြားခြင်း ခံခဲ့ရပြီးနောက် ယခု ပစ်ကပ်ကားဖြင့် မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးရန် ခေါ်ဆောင်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ကြသည်။
ရဲတပ်ဖွဲ့က ၎င်းတို့၏ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် အထောက်အထားများကို စစ်ဆေးခဲ့ရာ ၎င်းတို့သည် မတ်လ ၆ ရက်နေ့တွင် ချင်းမိုင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် တက်ခ်ပြည်နယ်၊ မဲဆောက်မြို့သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ အဆိုပါ အဖွဲ့သည် လူကုန်ကူးဂိုဏ်းက ၎င်းတို့နောက်သို့ လိုက်လာမည်ကို စိုးရိမ်သဖြင့် မဲဆောက်မြို့မှ အမြန်ဆုံး ရွှေ့ပြောင်းပေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့သည်။
ရဲအရာရှိများက ၎င်းတို့အား ဘန်ကောက်သို့ သွားမည့် ခရီးသည်တင် ကားလက်မှတ်များ ဝယ်ယူရန် ကူညီပေးခဲ့သည်။ ထို့နောက် ဘန်ကောက်ရှိ တရုတ်သံရုံးက ၎င်းတို့အား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ပေးခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူး Kantapong က ပစ်ကပ်ကားမောင်းသူ၏ အမည်ကို ထုတ်ဖော်မပြောနိုင်သေးဘဲ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၏ အမှုဆက်လက်ဆောင်ရွက်မှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။
Ref : The Thaiger
