၁၂.၃.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီ၏ အစိုးရမှ ဒုံးကျည်များ ချထားခြင်းနှင့် အသက်ဆုံးရှုံးစေနိုင်သော လက်နက်တင်ပို့မှု လွယ်ကူ အခက်အခဲမရှိစေရေး တွန်းအားပေးခြင်း အပါအဝင် အန္တရာယ်ရှိသော မူဝါဒများကို ကန့်ကွက်ရန် လူ ၁၀,၀၀၀ နီးပါးက တိုကျိုမြို့လယ်တွင် မတ်လ ၁၀ ရက်ညက စုဝေးဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၏ လွှမ်းမိုးကြီးစိုးရေး မူဝါဒနှင့်အတူ မဟာမိတ်အဖြစ်တည်ရှိလာသည့် ဂျပန်နိုင်ငံက စစ်ဖက်အင်အားများ ပြန်လည်တည်ဆောက်လာနေမှုက ဒေသ၏တည်ငြိမ်အေးဆေးမှုနှင့် ငြိမ်းချမ်းမှုတို့ကို ထိခိုက်စေမည်ဟု သုံးသပ်ကြသည်။
ဂျပန်နိုင်ငံအနေဖြင့် စစ်ပွဲကိုစွန့်လွှတ်မည်ဖြစ်ပြီး စစ်ပွဲဖြစ်မည့်အလားအလာကိုလည်း ဖော်ဆောင်မည် မဟုတ်ဆိုသည့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်ကိုဆန့်ကျင်ရာရောက်ကြောင်း ဆန္ဒပြသမားတစ်ဦးက ပြောခဲ့သည်။
ဆန္ဒပြသမားများက စစ်ကိုဆန့်ကျင်ပါကြောင်းနှင့် ဂျပန်အစိုးရ၏ ဤကဲ့သို့ စစ်ရေးပြင်ဆင်မှုလုပ်ရပ်များအတွက် အလွန်စိုးရိမ်မိကြောင်းပြောခဲ့ကြသည်။
ဆန္ဒပြသမားများက ‘ဝန်ကြီးချုပ် တာကာအိချီ-လူလိမ်ပဲ’ ဆိုသည့် ဆိုင်းဘုတ်များအပါအဝင် စစ်ဆန့်ကျင်ရေးဆိုင်းဘုတ်များကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
Ref- Xinhua
