◾️ ဒေသတွင်းမလုံခြုံမှုဆက်လက်ဖြစ်ပေါ်နေပါက ရေနံတစ်စည် ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားနိုင်သည်ဟု အီရန် သတိပေး
သက်တံ့
၁၂. ၃. ၂၀၂၆
ပင်လယ်ကွေ့အတွင်း သင်္ဘောလိုင်းများနှင့် အခြေခံအဆောက်အအုံများအပေါ် အီရန်၏ တိုက်ခိုက်မှုအသစ်များက အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ သမိုင်းဝင် အရေးပေါ်ရေနံစည် ၄၀၀ သန်း ထုတ်လွှတ်မှုကို လွှမ်းမိုးသွားခဲ့ပြီးနောက် ကြာသပတေးနေ့ (မတ် ၁၂ ရက်) တွင် ရေနံစျေးနှုန်းများ ဆက်လက်မြင့်တက်ကာ ရေနံတစ်စည် ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်ရှိလာခဲ့သည်။
◾️ IEA ၏ စံချိန်တင် ရေနံထုတ်လွှတ်မှုက စျေးကွက်ကို မတည်ငြိမ်စေနိုင်ခဲ့
ကမ္ဘာ့စွမ်းအင် ထုတ်လုပ်မှုနှင့် စားသုံးမှု၏ သုံးပုံနှစ်ပုံခန့်ကို ကိုယ်စားပြုသော IEA အဖွဲ့ဝင် ၃၂ နိုင်ငံစလုံးက ရေနံပြတ်လပ်မည့် စိုးရိမ်မှုများကို လျှော့ချရန်အတွက် အရန်ရေနံစည် သန်း ၄၀၀ ထုတ်လွှတ်ရန် သဘောတူညီခဲ့ကြသော်လည်း အာရှစျေးကွက်တွင် ဘရန့် (Brent) ရေနံစိမ်းစျေးနှုန်းသည် ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ တစ်စည်လျှင် ၁၀၀ ဒသမ ၇၉ ဒေါ်လာအထိ ဖြစ်လာခဲ့သည်။ စုစုပေါင်း ရေနံစည်ပမာဏအနက် ၁၇၂ သန်းမှာ အမေရိကန်ပြည်ထောင်စုမှ ထုတ်လွှတ်မည်ဖြစ်သည်။
စင်ကာပူနည်းပညာတက္ကသိုလ်မှ Martin Ma က အဆိုပါ ရေနံထုတ်လွှတ်မှုကို “သမိုင်းဝင် အရေးပါသော လုပ်ဆောင်ချက်” ဟု ခေါ်ဆိုခဲ့သော်လည်း ၎င်းမှာ “ယာယီ ကြားခံနယ်” သာ ဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ ၎င်းက “ထောက်ပံ့ရေးလမ်းကြောင်းတွေမှာ အန္တရာယ်ရှိနေသရွေ့ ရေနံစျေးက ဆက်တက်နေမှာပဲ… ကုန်သည်တွေကတော့ အနှောင့်အယှက်တွေ အကြာကြီးဖြစ်မယ်လို့ မျှော်လင့်ထားကြတယ်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

◾️ ရေနံစျေး ဒေါ်လာ ၂၀၀ အထိ ဖြစ်လာနိုင်ကြောင်း အီရန် သတိပေး
ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှု၏ ငါးပုံတစ်ပုံ ဖြတ်သန်းရာ အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောများကို တိုက်ခိုက်မှုများ ပြင်းထန်လာချိန်တွင် ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၂၀၀ အထိ ရောက်ရှိသွားနိုင်ကြောင်း အီရန်က ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။
အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “မင်းတို့တွေ ရေနံစျေးကို လူလုပ်နည်းနဲ့ အတင်းလျှော့ချလို့ ရမှာမဟုတ်ဘူး။ တစ်စည်ကို ဒေါ်လာ ၂၀၀ ဖြစ်လာဖို့သာ မျှော်လင့်ထားလိုက်။ ရေနံစျေးက ဒေသတွင်း လုံခြုံရေးအပေါ်မှာ မူတည်နေတာ၊ မင်းတို့ကတော့ ဒီဒေသမှာ မလုံခြုံမှုတွေ ဖြစ်အောင်လုပ်နေတဲ့ အဓိက အရင်းအမြစ်ပဲ” ဟု ပြောကြားခဲ့သည်။
◾️ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုနှင့် စွမ်းအင် အကျပ်အတည်း
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် မူလက တစ်စည် ၈၅ ဒေါ်လာအောက်သာရှိခဲ့သည့် ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၂၀ ဒေါ်လာနီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့သော်လည်း မတ်လ ၁၁ ရက်တွင် IEA ၏ ရေနံစည် သန်း ၄၀၀ ထုတ်လွှတ်မှုကြောင့် စျေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာခဲ့သည်။ သို့သော်လည်း အီရန်က မတ်လ ၁၁ ရက်တွင်ပင် ဟော်မုဇ်ရေလက်ကြားသို့ ဖြတ်သန်းသွားသည့် သင်္ဘောများကို တိုက်ခိုက်လိုက်သည့် ရန်လို ခြိမ်းခြောက်မှုများကြောင့် ရေနံစည်စျေးမှာ ဒေါ်လာ ၁၀၀ အောက်သို့ ဆက်မကျဘဲ ၁၀၀ ဒသမ ၇၉ ဒေါ်လာသို့ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း စွမ်းအင်အပေါ် အလွန်အမင်း မှီခိုနေရသော အာရှနိုင်ငံများသည်လည်း စစ်ပွဲ၏ ရိုက်ခတ်မှုကို ခံစားနေရသည်။ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေရကြောင်း သတင်းများ ထွက်ပေါ်နေပြီး ထိုင်းအာဏာပိုင်များက အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် မလိုအပ်ဘဲ ခရီးမသွားကြရန် တိုက်တွန်းနေရသည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း စွမ်းအင်ချွေတာရန်အတွက် အစိုးရရုံးတက်ရက်ကို တစ်ပတ်လျှင် လေးရက်သာ သတ်မှတ်ထားရသည်။
Ref : Firstpost
