◾️စစ်ဆင်ရေးကာလ တစ်လကျော်အတွင်း တိုက်ပွဲကြီးငယ် ၈၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၄၀ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမားရုပ်အလောင်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့
၁၂. ၃. ၂၀၂၆
Written by Nyein Kyaw
NUG လက်ဝေခံ PDF များ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ယနေ့ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
NUG လက်ဝေခံ PDF များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အချို့မြို့၊ ရွာများ၌ ဝင်ရောက်နေရာယူ၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိသည်။
PDF သောင်းကျန်းသူများအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ တကောင်းမြို့နှင့် ဝန်းကျင်ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ယာယီစိုးမိုးထားစဉ် ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်း၊ စက်ရုံ/အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ တကောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် ယာယီခံစစ်စခန်းများ ပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ် အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက် ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် သပိတ်ကျင်းမြို့အား တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီး ဒေသတွင်းကုန်စည်စီးဆင်း ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ပညာရေး၊ ကျန်းမာရေး စသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်၍ သပိတ်ကျင်းမြို့နှင့် တကောင်းမြို့အကြား ခိုအောင်းလှုပ်ရှားလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား စစ်ကြောင်းများခွဲပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်မှစ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများအတွင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရေချမ်းစဉ်ကျေးရွာ ၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရှားတောကျေးရွာ၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗနွဲ့ကျေးရွာ၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒေါင်းပုန်း ကျေးရွာ၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရွှေကျွန်းပင်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပေါက်တပင်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် သီးကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဝါးရုံကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရွှေစကားရွာ၊ မတ် ၄ ရက်နေ့တွင် ဆယ်ဇင်းကုန်းကျေးရွာ၊ မတ် ၅ ရက်တွင် လက်ပံကုန်းကျေးရွာ၊ မတ် ၇ ရက်တွင် ရေယာဉ်ကျေးရွာ၊ မတ် ၈ ရက်တွင် ဝဲကြီးကျေးရွာနှင့် ပေါ်တော်မူကျေးရွာ၊ မတ် ၉ ရက်တွင် မန်ကျည်းကုန်းကျေးရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာ၊ မတ် ၁၀ ရက်တွင် တကောင်းလမ်းဆုံနှင့် ညောင်လေးပင် ကျေးရွာများအား အသီးသီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မတ် ၁၂ ရက် (ယနေ့)တွင် တကောင်းမြို့အား တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။






အကြမ်းဖက်သမားများအနေဖြင့် တကောင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်သို့ ရောက်ရှိနေစဉ်အတွင်း တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်များတွင် သဲအိတ်များ၊ တာယာကွင်းများအား ဘန်ကာများ ပြုလုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများက တကောင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ တစ်လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၈၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်မျိုးစုံ ၄၀ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမားရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
NUG လက်ဝေခံ PDF များ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ မြို့/ရွာများရှိ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် တကောင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းများရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
