◾️ တပ်မတော်(လေ)သည် ပြည်တွင်းသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုချေမှုန်းရေး စစ်ဆင်မှုများကို စွမ်းစွမ်းတမံအထောက်အကူပြု တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
၁၂. ၃. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
တပ်မတော်(လေ) စတင်ဖွဲ့စည်းတည်ထောင်ခဲ့ချိန်မှစပြီး လက်ရှိကာလအထိ ရည်မှန်းချက်တာဝန်များ ထမ်းဆောင်ခဲ့မှုအပေါ် သုံးသပ်စိစစ်ကြည့်ပါက နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတူ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများ၊ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေးစစ်ဆင်မှုများတွင် စွမ်းစွမ်းတမံအထောက်အကူပြု တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





အလားတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်အထောက်အကူ ပြုနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတွက် တပ်မတော်(လေ)၏ တိုးတက်အောင်မြင်မှု အရှိန်အဟုန်များကို ရေရှည်ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့် တာဝန်အမျိုးမျိုးကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ ရရှိပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်နှင့် လက်နက်စနစ်များ၊ လေကြောင်းစွမ်းအားအရင်းအမြစ်များကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြုပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော် (လေ) ဖြစ်ကြောင်း သက်သေပြကြရန်၊ ယနေ့အထိ တည်ဆောက်ထိန်းသိမ်းလာသည့် တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို လေးစားဂုဏ်ယူတန်ဖိုးထားပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းကောင်းမွေပေးအပ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းက လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများကို ဂါရဝပြုပေးအပ်ပြီးနောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုခဲ့သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
