သက်တံ့
၇. ၃. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဥက္ကလာဟိုးမားပြည်နယ်အနောက်ပိုင်းကို အရှိန်ပြင်းစွာ ဖြတ်သန်းတိုက်ခတ်သွားသည့် တော်နေးဒိုးလေဆင်နှာမောင်းတစ်ခုသည် မော်တော်ယာဉ်တစ်စီးကို ဝေဟင်သို့ မြှောက်တင်ပစ်ခဲ့သဖြင့် ကျောင်းဆရာမတစ်ဦးနှင့် သူမ၏ ဆယ်ကျော်သက်သမီးဖြစ်သူတို့ သေဆုံးသွားခဲ့သည်။
အသက် ၄၇ နှစ်အရွယ် ဂျိုဒီ အိုဝင်စ် (Jodie Owens) နှင့် ၁၃ နှစ်အရွယ် သမီးဖြစ်သူ လက်ဇီ (Lexi) တို့ကို ကြာသပတေးနေ့ (မတ် ၅ ရက်) ညဉ့်နက်ပိုင်းတွင် မေဂျာခရိုင် (Major County)၊ ဖဲယားဗျူး (Fairview) မြို့အပြင်ဘက်ရှိ ကားလမ်းဆုံတစ်ခုအနီး ၎င်းတို့၏ ဗန်ကားအတွင်း၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားကို ဆက်လက်ရိုက်ခတ်နေသည့် အားကောင်းသော မုန်တိုင်းစနစ်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးစေနိုင်သော လေပြင်းများ၊ လက်သီးဆုပ်ခန့်ရှိ မိုးသီးများနှင့် လေဆင်နှာမောင်းများကြောင့် ယခုကဲ့သို့ အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ယူဆထားကြသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံသား ၃၂ သန်းခန့်မှာ ပြင်းထန်သော ရာသီဥတုသတိပေးချက်များ အောက်တွင် ရှိနေပြီး မိုးလေဝသပညာရှင်များက တက္ကဆက် (Texas) မြောက်ပိုင်းမှ ဂရိတ်လိတ်ခ် (Great Lakes) ဒေသအထိ ကျယ်ပြန့်နေသော မတည်ငြိမ်သည့် ရာသီဥတုအခြေအနေကို စောင့်ကြည့်နေကြသည်။ မိဆိုရီ (Missouri)၊ ဥက္ကလာဟိုးမားနှင့် နီဘရားစကား (Nebraska) ပြည်နယ်အချို့ရှိ လူဦးရေ ၇ သန်းကျော်မှာ အန္တရာယ်အရှိဆုံးဇုန်တွင် ရှိနေပြီး ဒါးလပ်စ်၊ ဥက္ကလာဟိုးမားစီးတီးနှင့် မီလ်ဝါကီမြို့များအပါအဝင် လူဦးရေ ၂၅ သန်းခန့်မှာလည်း အန္တရာယ်ရှိနိုင်သော ဧရိယာအတွင်း ကျရောက်နေသည်။
မီချီဂန်ပြည်နယ် (Michigan) တွင်လည်း သောကြာနေ့ (မတ် ၆ ရက်) က ဒီထရိုက်မြို့ အနောက်ဘက် ၁၂၅ မိုင်အကွာရှိ ယူနီယံလိခ် (Union Lake) ဒေသကို တော်နေးဒိုးအကြီးစားတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။ တာဝန်ရှိသူများက တင်းနစ်ဘောလုံးအရွယ် မိုးသီးများနှင့် အသက်အန္တရာယ်ရှိသော လေပြင်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးထားပြီး ဒေသခံများအနေဖြင့် ဘေးကင်းရာ ခိုလှုံရန် အစီအစဉ်များ ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။
သေဆုံးသူဆရာမ ဂျိုဒီ အိုဝင်စ်သည် အိမ်၌ရှိနေသည့် သူမ၏ အခြားကလေးများကို ဘေးကင်းရာသို့ ခိုလှုံရန် ဖုန်းဖြင့် သတိပေးနေစဉ်မှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဂျိုဒီ၏ မောင်ဖြစ်သူ ဂျက်စတင် ဇန့်စ် (Justin Zonts) က “သူတို့က အရမ်းကို အံ့သြဖို့ကောင်းတဲ့သူတွေပါ။ သူတို့ကို သိတဲ့သူတိုင်း ဒီသတင်းကြောင့် စိတ်နှလုံး ထိခိုက်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
မိသားစုဝင်များ၏ ပြောပြချက်အရ ဂျိုဒီနှင့် လက်ဇီတို့ အိမ်သို့ပြန်လာစဉ် ရာသီဥတု ဆိုးရွားလာသည်ကို ဂျိုဒီက သတိပြုမိခဲ့သည်။ “မုန်တိုင်းလာနေတာကို သူမြင်လိုက်ရတယ်။ ဒါနဲ့ အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေကို ဖုန်းဆက်ပြီး ‘မြေအောက်ခန်းထဲ မြန်မြန်ဝင်ကြ’ လို့ သတိပေးခဲ့တာပါ။ အဲဒီအချိန်မှာပဲ သူ တော်နေးဒိုး အတိုက်ခံလိုက်ရတာပါ” ဟု ဇန့်စ်က ဆိုသည်။
ဂျိုဒီသည် သူမ၏ အခြားသမီးဖြစ်သူနှင့် ဖုန်းပြောနေစဉ်မှာပင်ဖြစ်ပြီး ဖုန်းလိုင်း ပြတ်တောက်မသွားမီ ဂျိုဒီနှင့် လက်ဇီတို့၏ နောက်ဆုံးအော်ဟစ်သံကို ဖုန်းထဲကနေ ကြားလိုက်ရသည်ဟု ဆိုသည်။
ဂျိုဒီ၏ ခင်ပွန်းဖြစ်သူသည် ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ ရှာဖွေရေးတွင် ပါဝင်ကူညီခဲ့သော်လည်း အဆုံးသတ်တွင် ဝမ်းနည်းဖွယ်ရာနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ဂျိုဒီသည် ဖဲယားဗျူး ကျောင်းလူထုအတွင်း အားကိုးရသည့် အစားထိုးဆရာမတစ်ဦးဖြစ်ပြီး ကလေး ၈ ဦး၏ မိခင်နှင့် မြေး ၄ ဦး၏ အဘွားလည်း ဖြစ်သည်။ လာမည့် မေလ ၁ ရက်နေ့တွင် မွေးဖွားမည့် မြေးမလေးကိုလည်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသူ ဖြစ်သည်။
မိသားစုကို ထောက်ပံ့ရန် GoFundMe စာမျက်နှာတွင် ရန်ပုံငွေအလှူခံလျက်ရှိရာ သောကြာနေ့ညအထိ အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ကျော် ရရှိထားပြီး ဖြစ်သည်။ ဂျိုဒီ၏ အစ်မဖြစ်သူ ဂျန်နဲလ် (Janelle) က “ဂျိုဒီက ဘယ်သူ့ဆီကမှ ဘာမှတောင်းလေ့ရှိသူမဟုတ်ဘဲ သူများအတွက်ပဲ အမြဲရှိပေးတတ်သူပါ” ဟု ရေးသားခဲ့သည်။
ဥက္ကလာဟိုးမားပြည်နယ် အုပ်ချုပ်ရေးမှူး ကီဗင်စတစ် (Kevin Stitt) ကလည်း “မေဂျာခရိုင်မှာ မနေ့ညက ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်ခဲ့ပြီး မိခင်နဲ့ သမီးဖြစ်သူတို့ အသက်ဆုံးရှုံးခဲ့ရတာဟာ ဝမ်းနည်းစရာကောင်းလှပါတယ်။ ကျန်ရစ်သူ မိသားစုအတွက် ဆုတောင်းပေးနေပါတယ်” ဟု လူမှုကွန်ရက် X တွင် ရေးသားဖော်ပြခဲ့သည်။


