၇.၃.၂၀၂၆
Written by Linn Eain
ယနေ့ မတ်လ ၇ ရက်တွင် စတင်သည့် စုံ ရက်၊ မ ရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့်စနစ်အား အသိပညာပေးကာလတစ်ပတ် သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်ကစတင်၍ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် မြို့နယ် ထွေ/အုပ်၊ ရဲ၊ ယာဉ်ထိန်းရဲနှင့် အခြားဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ပြည်သူ့ရင်ပြင်ရှေ့တို့တွင် မော်တော်ယာဉ်များကို အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့ (မတ် ၇ ရက်)က စပြီး မတ်လ ၁၃ ရက်နေ့အထိ စုံ ရက်၊ မ ရက်နဲ့ ပတ်သက်ပြီး အသိပညာပေးသွားမှာဖြစ်တယ်။ မတ်လ ၁၄ ရက်ကျမှ အရေးယူတာတွေ စလုပ်မှာဖြစ်ပါတယ်။ ဘယ်လို အရေးယူမလဲဆိုတာတော့ ညွှန်ကြားချက်စာရွက်ထဲမှာ ပါပါတယ်” ဟု မတ်လ ၇ ရက်၊ နံနက်ပိုင်းက ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည့် ညွှန်ကြားချက်တွင်လည်း ပညာပေးကာလအဖြစ် မတ် ၇ က်မှ ၁၃ ရက်အထိ သတ်မှတ်ထားပြီး အရေးယူဆောင်ရွက်မည့်ကာလအဖြစ် မတ် ၁၄ ရက်မှ သက်ဆိုင်ရာက အမိန့်ကြော်ငြာစာတစ်စုံတစ်ရာ မထုတ်ပြန်မချင်း အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းညွှန်ကြားချက်နှင့် ပက်သက်၍ အတည်ပြုရန် မြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ ၎င်းက “အရေးယူမှု အတိအကျကတော့ မတ် ၁၄ ရက်ကျမှ သိရမယ်။ ညွှန်ကြားချက်ကတော့ ထွက်ထားပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့အတူ စုံ ရက်၊ မ ရက် မောင်းနှင်ခြင်းစနစ်ဖောက်ဖျက်လျှင် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့မှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် (၁) လ၊ ငွေဒဏ် ကျပ်(၂) သောင်း၊ ဒဏ်နှစ်ရပ်လုံးကျခံရမည်ဟု ပြဌာန်းထားရှိချက်နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းညွှန်ကြားချက်တွင် ဖော်ပြထားသည်။
One Stop Service အဖွဲ့တွင် မြို့နယ် ထွေ/အုပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ မြို့နယ် တရားရေး၊ မြို့နယ် ဥပဒေ၊ ကုန်းလမ်းပို့ဆောင်ရေး၊ စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ၃ ဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်နယ်မြို့များတွင် One Stop Service အဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်များ စုံ ရက်၊ မ ရက်ဖြင့်သာ တစ်ရက်ခြားမောင်းနှင်ရမှု စတင်သည့် မတ် ၇ ရက်၊ နံနက်ပိုင်း ရန်ကုန်မြို့တွင်း၌ မ ဂဏန်းဖြင့် အစရှိသည့် မော်တော်ယာဉ်များသာ သွားလာလျက်ရှိသလို ယာဉ်အသွားအလာမှာလည်း ယခင်ရက်များကဲ့သို့ များပြားမှုမရှိသည်ကို တွေ့ရှိရသည်။
စုံ ရက်၊ မ ရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့်စနစ်တွင် စည်းကမ်းသတ်မှတ်ချက်များမှာ လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/—- 4A/—စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ-1A/—-3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန်ဖြစ်သည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။ ယင်းစည်းကမ်းသတ်မှတ်ချက်အရ ပုဂ္ဂလိကပိုင်ယာဉ်များ တစ်ရက်ခြားသာမောင်းနှင်အသုံးပြရမည်ဖြစ်သည်။)
သို့သော် အများပြည်သူသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ နေ့စဥ် အသုံးပြုနိုင်ကြောင်း အသိပေးထားသည်။
ဆက်လက်၍ မတ် ၄ ရက်တွင် ဖြည့်စွက်ထုတ်ပြန်ချက်အနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးတွင် အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များကိုလည်း နေ့စဉ်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ နေ့စဉ်အသုံးပြုသည့် မော်တော်ယာဉ်များအနေဖြင့် အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများတွင် လည်းကောင်း၊ ယာဉ်များတွင်လည်းကောင်း သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
