သက်တံ့
၇. ၃. ၂၀၂၆
ထိုင်းအာဏာပိုင်များသည် တရုတ်တိုင်းရင်းဆေးစျေးကွက်သို့ တင်ပို့ရောင်းချမည့် တောက်တဲ့ခြောက် အကောင်ရေ ၁၂၀,၀၀၀ ကျော်ကို ပထုံဌာနီရှိ ဂိုဒေါင်တစ်ခုတွင် သောကြာနေ့ (မတ်လ ၆ ရက်)က သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ တောက်တဲ့ခြောက်များသည် အခြားနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မှောင်ခိုသွင်းလာခြင်းဖြစ်ပြီး ယခုဖမ်းဆီးမှုမှာ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (NED) ၏ ပြောကြားချက်အရ သိရသည်။
သာယာဘူရီ (Thanyaburi) တရားရုံး၏ ရှာဖွေဝရမ်းဖြင့် ဝင်ရောက်စီးနင်းရာတွင် လမ်လုကာ (Lam Luk Ka) ခရိုင်ရှိ အဆိုပါနေရာ၌ တင်ပို့ရန် အသင့်ပြင်ထားသည့် စက္ကူဖာများဖြင့် ထုပ်ပိုးထားသော တောက်တဲ့ခြောက် ၁၂၄,၀၀၀ ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၎င်းနေရာ၌ သစ်ခွခြောက်များ၊ ကျွဲချိုများ၊ သစ်စိပ်များနှင့် သစ်မှုန့်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ မူရင်းဇစ်မြစ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန်အတွက် အားလုံးကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဤစုံစမ်းစစ်ဆေးမှုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့က မှောင်ခိုသွင်းလာသည့် တောက်တဲ့ခြောက် ၁၅,၀၀၀ ကို ဖမ်းဆီးရမိရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပထုံဌာနီရှိ အဆိုပါဂိုဒေါင်သည် တရုတ်နိုင်ငံရှိ တိုင်းရင်းဆေးထုတ်ကုန်များတွင် အသုံးပြုရန် ရည်ရွယ်ထားသည့် ပစ္စည်းများအတွက် အဓိက သိုလှောင်ရာနေရာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ဖော်ထုတ်နိုင်ခဲ့သည်။
ရဲတပ်ဖွဲ့သည် အဆိုပါနေရာကို ငှားရမ်းထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့က ကုန်ပစ္စည်းများ လက်ခံခြင်းနှင့် ပေးပို့ခြင်းတို့အတွက် တာဝန်ရှိကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။
၎င်းတို့ကို ကနဦးတွင် ခွင့်ပြုချက်မရှိဘဲ ထိန်းသိမ်းထားသည့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို တရားမဝင် တင်သွင်းမှု၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများမပါဘဲ တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်း စသည့် စွဲချက်များဖြင့် အမှုဖွင့်ထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းအားလုံးကို ချိပ်ပိတ်သိမ်းဆည်းထားပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မှုများ မပြီးမချင်း ဖယ်ရှားခြင်း မပြုရန် တင်းကျပ်စွာ အမိန့်ထုတ်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
Ref : Bangkok Post
