၇. ၃. ၂၀၂၆
Written by Nyein Kyaw
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) Website ဆိုက်ဘာထိုးဖောက်ခံရ၍ အချက်အလက်များ ပြင်ဆင်ရေးသားခံရခြင်းဆိုသည်မှာ မဟုတ်မှန်ဘဲ ပုံမှန်အတိုင်း ဝင်ရောက်စစ်ဆေးနိုင်ကြောင်း ယနေ့ ညနေပိုင်းအချိန် MT News ၏ ဝင်ရောက်အတည်ပြုခဲ့မှုအရ သိရသည်။
နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ယခုမတ်လ ပထမပတ်မှစ၍ CEIR စနစ်အား စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ အသိပေးကြေညာခဲ့သည်။
ယင်းကဲ့သို့ ကြေညာခဲ့ပြီးနောက် ပြည်ပရောက် Exile Media များအနေဖြင့် နိုင်ငံတော်၏ အခွန်ငွေရရှိမှုကို ဟန့်တားနှောင့်ယှက်လိုသောဆန္ဒဖြင့် မတ်လ ၇ ရက် ယနေ့တွင် CEIR Website ဆိုက်ဘာထိုးဖောက်ခံရကြောင်း မဟုတ်မမှန်သတင်းများကို ရေးသားထုတ်လွှင့်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ CEIR Website အား ယနေ့ နေ့လယ်ပိုင်းတွင် MT News သတင်းဌာနမှ အကြိမ်ကြိမ်ဝင်ရောက်စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာတွင် ဆိုက်ဘာထိုးဖောက်ခံရမှုမရှိဘဲ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ခြင်းကို ဝင်ရောက်ကြည့်ရှုခဲ့သော နေ့ရက်၊ အချိန်များကိုပါ ပူးတွဲဖော်ပြလိုက်ပါသည်။
အဆိုပါ CEIR စနစ် စတင်အသုံးပြုမည်ဖြစ်၍ လာမည့် ဧပြီ ၁ ရက်မှစတင်၍ CEIR စနစ်တွင် ခွင့်ပြုစာရင်းမပါရှိသည့် လက်ကိုင်ဖုန်းများ ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ရှိပြီး ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးပေးဆောင်ပြီးမှသာ ဆက်လက်အသုံးခွင့်ပြုခွင့်ရမည်ဖြစ်သည်။
အများပြည်သူ လက်ရှိအသုံးပြုနေသော လက်ကိုင်ဖုန်းများကိုမူ အခွန်ပေးဆောင်ရန်မလိုဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက်ထည့်သွင်းပေးမည်ကြောင်း အသိပေး ကြေညာထားသည်။
အဆိုပါစနစ်ကျင့်သုံးခြင်းဖြင့် တရားမဝင်မိုဘိုင်းဖုန်းများ နိုင်ငံအတွင်း ဝင်ရောက်မှုကို တားဆီးနိုင်မည်ဖြစ်သလို ပြည်သူများ လုံခြုံစိတ်ချရသည့်အရည်သွေးမြင့် မိုဘိုင်းဖုန်းများကို သုံးစွဲနိုင်မည့်အပြင် နိုင်ငံတော်အနေဖြင့် ယင်းလုပ်ငန်းကဏ္ဍမှ အခွန်ငွေများ ဆုံးရှုံးမှုမရှိ အမှန်တကယ်ရရှိလာမည်ဖြစ်သည်။
သို့သော် နိုင်ငံတော်က ထုတ်ပြန်ထားသည့် မတရားအသင်းများ၊ လက်နက်ကိုင်အကြမ်းဖက်များနှင့် ဆက်သွယ်ထားသူများအနေဖြင့် ၎င်းတို့၏ ပြစ်မှုများပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ယင်းစနစ်ကို ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေခြင်းဖြစ်သည်ကိုလည်း တွေ့ရရှိရသည်။
