၇.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့အစီအစဉ်မှာ ကျူးဘားနိုင်ငံက နောက်ထပ်တစ်ခုဖြစ်တယ်လို့ မတ်လ ၆ ရက်က ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ စွမ်းအင်ပိတ်ဆို့မှုကြောင့် ပျက်စီးယိုယွင်းနေတဲ့ ကွန်မြူနစ်ဝါဒလွှမ်းမိုးတဲ့ကျွန်းနိုင်ငံဟာ မကြာမီ ပြိုလဲတော့မှာဖြစ်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ထရမ့်ပ်က CNN သတင်းဌာနကို ဖုန်းဖြင့် ပြောကြားခဲ့တာမှာ “သူတို့က သဘောတူညီချက်တစ်ခု အလွန်အမင်း လိုချင်နေကြတယ်” လို့ဆိုခဲ့ပါတယ်။ အီရန်နဲ့စစ်ပွဲအပြီးမှာ ကျူးဘားအတွက် မသတ်မှတ်ရသေးတဲ့ စီမံကိန်းတစ်ခုဆီသို့ ဦးတည်မယ်လို့ ထရမ်ပ့်က အကြံပြုပြီး တစ်ရက်အကြာမှာ ခုလိုပြောကြားခဲ့တာပါ။
တစ်ချိန်ထဲမှာပဲ စီးပွားရေးပိတ်ဆို့မှုဒဏ်တွေနဲ့ အကျပ်အတည်းအခြေအနေရောက်နေရတဲ့ ကျူးဘားနိုင်ငံမှာ အမေရိကန်အနေနဲ့ လက်ရှိအစိုးရအစား သူလိုလားတဲ့အစိုးရကိုတင်ဖို့ ဆွေးနွေးမှုတွေ ပြုနေတာလို့လည်း ဆိုရမှာပါ။
ဘယ်အချိန်တွေက ပြုလုပ်ခဲ့တယ်ဆိုတာ မဖော်ပြပေမယ့် ဟားဗားနားမြို့မှာရှိတဲ့ အမေရိကန်သံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကျူးဘားရေးရာ ညှိနှိုင်းရေးမှူး ရော့ဘ်အလီဆန်နဲ့ အမေရိကန်သံရုံးယာယီ တာဝန်ခံမိုက်ဟမ်မာတို့ဟာ ကတ်သလစ် ဘုရားရှိခိုးကျောင်း အဆင်မြင့်ကိုယ်စားလှယ်တွေနဲ့ ဟားဗားနားမြို့မှာ မကြာမီက တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ထရမ့်ပ်က “ကျွန်တော်တို့ အခုအချိန်မှာ ဒီကိစ္စကို အာရုံစိုက်နေပါတယ်။ ကျွန်တော်တို့အတွက် အချိန်တွေအများကြီးရှိပေမယ့် ကျူးဘားကတော့ နှစ် ၅၀ အကြာမှာပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ထပ်လောင်းပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကျူးဘားနှင့်ပတ်သက်၍ သူ့ရဲ့ အဓိကပုဂ္ဂိုလ်ဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။
သံရုံးက ရော့ဘ်အလီဆန် နဲ့မိုက်ဟမ်မာတို့ဟာ ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန်ဒီလာ ကလယ်ရီဒက်နဲ့ အမျိုးသားဂိုဏ်းအုပ်ဘုန်းတော်ကြီးညီလာခံရဲ့ ဥက္ကဋ္ဌ အာသူရို ဂွန်ဇာလက်ဇ်တို့နဲ့ တွေ့ဆုံနေတဲ့ ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ သူတို့လေးဦးဟာ အမေရိကန်အစိုးရက ကျူးဘားကို ပေးပို့တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေနဲ့ ကျူးဘားနိုင်ငံရဲ့ အခြေအနေကို တိုးတက်စေဖို့ ပြောင်းလဲမှုအတွက် လိုအပ်ချက်”ကို ဆွေးနွေးခဲ့ကြတယ်လို့ သံရုံးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ကတော့ ကျူးဘားအစိုးရပြိုလဲတော့မယ်လို့ ယုံကြည်တယ်ဆိုတာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ပြိုလဲသွားအောင် ကြိုးပမ်းတဲ့အနေနဲ့လည်း သူက ကျူးဘားအပေါ် စွမ်းအင်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ ကျူးဘားနိုင်ငံဟာ ဇန်နဝါရီလ ၉ ရက်နေ့ကတည်းက ရေနံတင်ပို့မှုမရရှိခဲ့တာကြောင့် လေကြောင်းလိုင်းတွေဟာ ကျွန်းကို ပျံသန်းမှုတွေကို လျှော့ချဖို့ ဒါမှမဟုတ် ရပ်ဆိုင်းဖို့ ဖိအားပေးခံရပြီး ရေရှည် စီးပွားရေးအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။
ကျူးဘားနိုင်ငံဟာ လောင်စာဆီပြတ်တောက်မှု၊ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြောင့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှာ လိုအပ်တဲ့အပိုပစ္စည်းဝယ်ယူမရရှိမှုစတဲ့ အဓိကအကြောင်းရင်းတွေအောက်မှာ ၂၀၂၄ ခုနှစ်ကစလို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေက နိုင်ငံအနှံ့မှာ မကြာခဏဆက်လက်ဖြစ်ပွားပြီး ပြည်သူတွေရဲ့အစိုးရအပေါ် မကျေနပ်မှုတွေနဲ့အတူ ဆန္ဒပြပွဲတွေလည်းဖြစ်ပွားခဲ့ရတာပါ။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထရမ့်ပ်အနေနဲ့ ကျူးဘားကို ဗင်နီဇွဲလားလို သူလိုလားတဲ့အစိုးရ တက်ရောက်ဖို့ လုပ်နိုင်ရင်တော့ နှစ်ပေါင်းများစွာက ကြံစည်လာခဲ့တဲ့ အမေရိကန်ရဲ့အကြံ အထမြောက်ပြီး သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် ပြောသလို အီရန်ပြီးရင် ကျူးဘားအလှည့်ပဲဆိုတာက မှန်လာဦးမှာပါ။
Ref- AFP
