၇.၃.၂၀၂၆
Written By Min Thet
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သံထည်ပစ္စည်းဟောင်းများ ထုချေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး တိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းမှာ ယမန်နေ့ မတ်လ ၆ ရက် ညနေ ၆ နာရီအချိန်ခန့်က သံတိုသံစ ရောင်းဝယ်ရေးလုပ်ကိုင်သူ အသက် ၅၉ နှစ်အရွယ် ဒေါ်ဝင်းမြိုင် ပိုင်ဆိုင်သည့် ဆိုင်ရှေ့၌ အလုပ်သမားများမှ သံထည်ပစ္စည်းများ ထုချေကြစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသံတိုသံစ ရောင်းဝယ်ရေး၏အမည်မှာ စိန်စွန်ညို သံတိုသံစ ရောင်းဝယ်ရေးဆိုင်ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊၁၄၂(အေ)×၁၄၂ (ဘီ) လမ်းကြား၊ ၄၇ လမ်းရှိ ဆိုင်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ဝန်ထမ်းများ ဖြစ်ကြသော မသဲစုလှိုင်၊ ကိုနေထူးအောင်၊ ကိုသန်းနိုင်ဦး နှင့် အခြားအမျိုးသား တစ်ဦးအပြင် ဒေါ်ခင်သင်းလဲ့နှင့် မစန်းမာထွေးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းအထဲတွင် အသက် ၅၀ ခန့်အရွယ် ဒေါ်ခင်သင်းလဲ့နှင့် အသက် ၁၈ နှစ်အရွယ် ကိုနေထူးအောင်တို့ ဒဏ်ရာပြင်းထန်ခဲ့၍ စိုးရိမ်ရကြောင်း သိရသည်။
“ကားဘီးပေါက်တယ် ထင်နေတာ။ အသံ အကျယ်ကြီးပဲ ကြားခဲ့ရတယ်။ သူများတွေ ပြောနေကြတာကတော့ သံတိုသံစ ဝယ်တဲ့နေရာမှာ လက်လုပ်မိုင်း ပါလာတယ်လို့ ယူဆရတယ်တဲ့။ ဒါကြောင့် ပေါက်ကွဲတာတဲ့” ဟု မန္တလေး ပြည်ကြီးတံခွန်နေသူတစ်ဦးက MT News ကို ပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာခဲ့ကြသူ ၆ ဦးမှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြရကြောင်း၊ ဖြစ်စဉ်ကို နယ်မြေခံ လုံခြုံရေး တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့က အသေးစိတ်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Photo – CJ
