၇. ၃. ၂၀၂၆
MT News Editorial
ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရသော စက်သုံးဆီပြတ်လပ်နိုင်မှု ဘေးဆိုးသည် မျက်မှောက်ကာလ မြန်မာ့လူမှုစီးပွားနယ်ပယ်တွင်လည်း စိန်ခေါ်မှုကြီးမားသော ကပ်ဘေးတစ်ခုသဖွယ် ခြိမ်းခြောက်လာနေပြီဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ ကြာရှည်လာသည်နှင့်အမျှ ထပ်တူကျရောက်လာနိုင်သည့် စွမ်းအင်လုံခြုံရေးနှင့် စားနပ်ရိက္ခာလုံခြုံရေး အခြေအနေတို့ကို ထိန်းညှိရန်အတွက် ယနေ့စတင်ကျင့်သုံးလာသော “စုံ/မ” ရာရှင်အလှည့်ကျစနစ်သည် လက်တွေ့တွင်မူ ပြဿနာကို ပြေလည်စေရန် ကြိုးပမ်းမှုထက် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝ ရုန်းကန်လှုပ်ရှားမှုများအပေါ် ဖိအားတစ်ခုသဖွယ် ဖြစ်လာနိုင်သည်မှာ အထူးပင် စိုးရိမ်ဖွယ်ရာ ဖြစ်ပေသည်။
စက်သုံးဆီ အခက်အခဲကြောင့် ယာဉ်များကို စုံ/မ နံပါတ်အလိုက် ရက်သတ်မှတ်ကာ လမ်းပေါ်ထွက်ခွင့် ကန့်သတ်ခြင်းသည် မြို့ပြစီးပွားရေးယန္တရားကို ကမောက်ကမ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ဆိုင်ကယ်စီးခွင့် ကန့်သတ်ထားသလို၊ အဆမတန်မြင့်မားနေသော ကားစျေးနှုန်းများကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကိုသာ အဓိကအားကိုးနေရသည့် ရန်ကုန်မြို့ပြသည် ဤစနစ်၏ အကျိုးဆက်ကို လူထုက ထိထိမိမိ ခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ စုံ/မရာရှင်စနစ် စတင်သော ယနေ့တွင်ပင် အစစ်အဆေးနှင့် အရေးယူမှုများကို စိုးရိမ်သဖြင့် သွားလာလှုပ်ရှားရန် ဝန်လေးနေသော လူထု၏ စိုးရိမ်ပူပန်သံများကို နေရာအနှံ့တွင် ကြားနေရပြီ ဖြစ်သည်။
ထိုကဲ့သို့သော စိုးရိမ်သံများသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အသက်မွေးဝမ်းကျောင်းခွင့်တို့ကို အခြေခံကျကျ ထည့်သွင်းစဉ်းစားပေးရန် လိုအပ်နေသည်ကို ထင်ဟပ်နေသည်။ ထို့ကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်မှုကို ရှေးရှု၍ လက်ရှိမူဝါဒ၏ အားနည်းချက်အချို့ကို တာဝန်ရှိသူများအနေဖြင့် အချိန်မီ သတိမူ ပြင်ဆင်နိုင်ရန် လိုအပ်ပေသည်။
လူထု၏ စိုးရိမ်မှုတွင် စုံ/မ ရာရှင်ကန့်သတ်ချက်ကို ဖောက်ဖျက်ပါက သတ်မှတ်ထားသည့် ထောင်ဒဏ်တစ်လ ပြစ်ဒဏ်နှင့် ဒဏ်ငွေ ကျပ် ၂၀၀၀၀ ဖိအားများမှာလည်း ဥပဒေကို လေးစားလိုက်နာလိုသည့် မိသားစုများအဖို့ ပိုမိုစိုးရိမ်စရာ ဖြစ်နေသည်။ အခြားတစ်ဖက်တွင်မူ ယင်းဖိအားများကို အခွင့်ကောင်းယူကာ အာဏာအလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာမှုများ ပေါ်ပေါက်လာနိုင်ခြင်းမှာလည်း အုပ်ချုပ်မှုယန္တရား၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
အမှန်စင်စစ် ဖြေရှင်းသင့်သည့်နည်းလမ်းမှာ စုံ/မ ရက်အလိုက် “လမ်းပေါ်ထွက်ခွင့်ကို ပိတ်ပင်ခြင်း” ထက် “ဆီဖြည့်ခွင့်ကိုသာ စုံ/မ ရက်အလိုက် စနစ်တကျ ခွဲတမ်းချခြင်း” ကသာ ပိုမိုထိရောက်သော အပြုသဘောဆောင်သည့် ဖြေရှင်းချက် ဖြစ်နိုင်ပါလိမ့်မည်။ ယာဉ်များအားလုံးကို နေ့စဉ် လွတ်လပ်စွာ မောင်းနှင်ခွင့်ပြုပြီး ဆီဆိုင်များတွင်သာ စုံ/မ နံပါတ်အလိုက်၊ ရက်အလိုက် သတ်မှတ်ခွဲတမ်းဖြင့် ဆီရောင်းချပေးခြင်းက ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေးနှင့် သွားလာလှုပ်ရှားမှုများကို အခြေမပျက် ဆက်လက် လည်ပတ်စေမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ခေတ်မီနည်းပညာများကို အသုံးပြုကာ ပွင့်လင်းမြင်သာမှုရှိသော စီမံခန့်ခွဲမှုစနစ် (Digital Tracking System) ကို တည်ဆောက်ရန် လိုအပ်ပြီး ဆီလက်ကျန် အခြေအနေနှင့် ဆီဖြည့်ခွင့်ရမည့် အလှည့်အပြောင်းများကို ပြည်သူလူထုက အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုအောင်မြင်သော စနစ်တစ်ရပ်ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ယခုကဲ့သို့ ခက်ခဲသောအချိန်တွင် ပြည်သူတို့ အမှန်တကယ် လိုလားသည်မှာ “အပြစ်ပေးခြင်း” မဟုတ်ဘဲ “အဆင်ပြေစေခြင်း” သာ ဖြစ်ပြီး စက်သုံးဆီအကျပ်အတည်းမှသည် စားနပ်ရိက္ခာအကျပ်အတည်းအထိ ဆိုက်ရောက်မသွားဘဲ ကမ္ဘာလုံးဆိုင်ရာကပ်ဆိုးကို အောင်မြင်စွာကျော်ဖြတ်လိုကြခြင်းသာဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ချမှတ်သည့် မည်သည့် အုပ်ချုပ်မှုမူဝါဒမဆို ပြည်သူကို ဗဟိုပြုသင့်ပေသည်။ အကျပ်အတည်းကာလတွင် ပြည်သူ့အပေါ် ပိုမိုစာနာမှုရှိသော၊ တရားမျှတမှုရှိသော စီမံခန့်ခွဲမှုမျိုးကိုသာ ကျင့်သုံးရမည်ဖြစ်သည်။ အရေးပေါ်အခြေအနေအရ ချမှတ်လိုက်သော စည်းကမ်းချက်များ၏ လစ်ဟာမှုအချို့ကို ပြင်ဆင်ရန်မဖြစ်နိုင်သေးပါက ထိုလစ်ဟာမှုကို အမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် အကျင့်ပျက်ခြစားမှုများကို ထိရောက်စွာ ကြိုတင် ဟန့်တားအရေးယူရန် လိုအပ်သလို လူထု၏ သွားလာရေးကို မကန့်သတ်သော၊ စွမ်းအင်လုံခြုံရေး (Energy Security) ကို လွှမ်းခြုံနိုင်သော၊ ဆီဖြည့်တင်းမှုကိုသာ စနစ်တကျ ထိန်းကျောင်းသော နည်းလမ်းသစ်များအား ထိရောက်မြန်ဆန်စွာ ပြောင်းလဲကျင့်သုံးခြင်းဖြင့် ပြည်သူ့အသံကို နားထောင်သော အစိုးရအဖြစ် မှတ်တမ်းတင်နိုင်ရန်လည်း MT News က လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
