၇.၃.၂၀၂၆.
Translated by Htwe Ko Tun
အရှေ့အလယ်ပိုင်းဒေသအတွင်း ဖေဖော်ဝါရီလ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲဟာ ဒုတိယအပတ်ကို ဝင်ရောက်လာပေမဲ့လည်း နှစ်ဖက်စလုံးက တိုက်ခိုက်မှုဆက်လက်ပြုလုပ်နေကြဆဲဖြစ်သလို အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကလည်း ဒီနေ့ မတ်လ ၇ ရက် (စနေနေ့) မှာ အီရန်နိုင်ငံအနေနဲ့ အစ္စရေးနဲ့ အမေရိကန်ကို ဘယ်သောအခါမှ လက်နက်ချမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က စစ်ပွဲပြီးဆုံးရေးအတွက် တစ်ခုတည်းသောနည်းလမ်းက အီရန်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့အပြီး အီရန် သမ္မတက အခုလိုတုံ့ပြန်ခဲ့တာပါပဲ။
ပီဇက်ရှ်ကီယန်က နိုင်ငံပိုင်ရုပ်မြင်သံကြားက ထုတ်လွှင့်သွားခဲ့တဲ့ မိန့်ခွန်းမှာ “အီရန်ရဲ့ရန်သူတွေဟာ အီရန်ပြည်သူတွေကို ခြွင်းချက်မရှိ လက်နက်ချဖို့ သူတို့ရဲ့ ဆန္ဒကို သင်္ချိုင်းကို ယူဆောင်သွားရမယ်” လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်အပေါ် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး အစ္စလာမ်သမ္မတနိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို သတ်ဖြတ်ခဲ့ကာ ဒေသတွင်းပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အဲဒီအချိန်က အီရန်ဟာ အစ္စရေးနဲ့ ဒေသတွင်းနိုင်ငံတွေ အထူးသဖြင့် ပင်လယ်ကွေ့ဒေသက အမေရိကန်ရဲ့ အကျိုးစီးပွားများစွာကို ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုများစွာနဲ့ တုံ့ပြန်ခဲ့ပါတယ်။
မိန့်ခွန်းအတွင်း ပီဇက်ရှ်ကီယန်က ဒေသတစ်ဝန်း အိမ်နီးချင်နိုင်ငံများစွာကို အီရန်က တိုက်ခိုက်ခဲ့မှုများစွာ အတွက် တောင်းပန်ခဲ့ပြီး တိုက်ခိုက်မှုတွေက အဲဲဒီနိုင်ငံတွေက စတင်ခြင်းမရှိဘူးဆို သူတို့ကို ပစ်မှတ်ထားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ကိုယ်တိုင်ရော၊ အီရန်နိုင်ငံ ကိုယ်စားရော အီရန်ရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တောင်းပန်ပါတယ်” လို့ သူက ဆိုပါတယ်။
ပီဇက်ရှ်ကီယန်ဟာ ခါမေနီ သတ်ဖြတ်ခံရပြီးကတည်းက အီရန်ကို တာဝန်ယူခဲ့တဲ့ ယာယီခေါင်းဆောင်မှုကောင်စီ အဖွဲ့ဝင်သုံးဦးမှာ ပါဝင်သူပါ။
ယာယီခေါင်းဆောင်မှုကောင်စီဟာ အိမ်နီးချင်းနိုင်ငံတွေကို နောက်ထပ်တိုက်ခိုက်မှုတွေ မပြုလုပ်တော့ဘူးလို့ ဆိုခဲ့သလို အီရန်အပေါ် တိုက်ခိုက်မှုက အဲဒီ နိုင်ငံတွေက မစတင်ရင် အီရန်ကလည်း ဒုံးကျည်နဲ့ ပစ်ခတ်မှာ မဟုတ်ဘူးလို့ မတ်လ ၆ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။
Ref-CNA
