◾️ ယနေ့ ဖွင့်လှစ်သည့် အမျိုးသားကင်ဆာကုသရေးဗဟိုဌာနကို ကုသဆောင်၊ ဓာတ်ရောင်ခြည် စက်ခန်းနှင့် ဝန်ထမ်းအိမ်ရာများအတွက် စုစုပေါင်းကျပ် ၇၆ ဘီလျံကျော် အကုန်အကျခံတည်ဆောက်ခဲ့
၇. ၃. ၂၀၂၆
Written by Nyein Kyaw
ကင်ဆာလူနာများ ကုသမှုစောင့်ဆိုင်းချိန် လျော့ကျစေရန် လက်ရှိတွင် ဓာတ်ရောင်ခြည်ကုသစက် စုစုပေါင်း ၂၆ လုံးနှင့် Brachytherapy ဓာတ်အပ်စိုက်ကိရိယာ ၉ လုံးအထိ တပ်ဆင်အသုံးပြု ကုသပေးနေပြီဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၊ အမျိုးသားကင်ဆာကုသရေးဗဟို (National Cancer Center NCC) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းလျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာသိရှိ ကုသမှုခံယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် “ကင်ဆာရောဂါထိန်းချုပ်ရေး အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)”ကို ရေးဆွဲပြီး ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ကင်ဆာလူနာများ ဓာတ်ရောင်ခြည်နှင့်ကုသခံယူရန် စောင့်ဆိုင်းရသည့်အချိန်ကို လျှော့ချနိုင်ရန်အတွက် ဓာတ်ရောင်ခြည်ကုသစက်များ ဝယ်ယူတပ်ဆင်ရေး လိုအပ်သည့်ရန်ပုံငွေကို အထူးဦးစားပေးခွင့်ပြုပေးခဲ့ကြောင်း၊ ထို့ကြောင့် ယခုမြန်မာနိုင်ငံတွင် ဓာတ်ရောင်ခြည်ကုသစက် စုစုပေါင်း ၂၆ လုံး၊ Brachytherapy ဓာတ်အပ်စိုက်ကိရိယာ ၉ လုံးအထိ တိုးတက်တပ်ဆင်အသုံးပြုပြီး ကုသပေးနေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။




၂၀၂၁ ခုနှစ်နောက်ပိုင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ရှိသည့် ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်ကုသစက်အသစ် ၇ လုံး တပ်ဆင်ပေးနိုင်ခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ဆေးရုံကြီးများနှင့် ဌာနများတွင် ဓာတ်ရောင်ခြည်စင်တာ ၅ ခု၊ ဓာတ်ရောင်ခြည်ကုသစက် ၁၅ လုံး၊ ဓာတ်အပ်စိုက်ကိရိယာ ၄ လုံးရှိနေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။၊
ထို့အပြင် တပ်မတော်ဆေးရုံများတွင် ဓာတ်ရောင်ခြည်စင်တာ ၄ ခု၊ ဓာတ်ရောင်ခြည်ကုသစက် ၄ လုံး၊ ဓာတ်အပ်စိုက်ကိရိယာ ၁ လုံးနှင့် ကုသမှုပေးနိုင်နေပြီဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင်လည်း အဆင့်မြင့်ဓာတ်ရောင်ခြည် ကုသစက်ကြီးများနှင့် ကုသခွင့်ကို ခွင့်ပြုပေးထားသဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ဓာတ်ရောင်ခြည် စင်တာ ၅ ခု၊ ဓာတ်ရောင်ခြည်ကုသစက် ၇ လုံး၊ ဓာတ်အပ်စိုက်ကိရိယာ ၄ လုံး တပ်ဆင်အသုံးပြုလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ ဖွင့်လှစ်သည့် အမျိုးသားကင်ဆာကုသရေးဗဟိုဌာနကို ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင် ပြည့်စုံသည့်ကုသမှုစင်တာ (One-stop Comprehensive Care Center)အဖြစ် ဆေးကုသမှုများပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းသို့ ဖွင့်လှစ်နိုင်ရန်အတွက် ၅ ထပ်ကုသဆောင်၊ ၈ ထပ်ကုသဆောင်များနှင့် ဓာတ်ရောင်ခြည်စက်ခန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် ၃၄ ဘီလျံကျော်၊ ဝန်ထမ်းအိမ်ရာများအတွက် ငွေကျပ် ၁၂ ဘီလျံကျော်နှင့် ဓာတ်ရောင်ခြည်ကုသစက်အသစ် ၃ လုံးအတွက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၃၀ ဘီလျံကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုနှစ်တွင် အလှူရှင်များလှူဒါန်းသည့် စက် ၁ လုံးသည်လည်း ငွေကျပ် ၁၉ ဘီလျံ တန်ဖိုးရှိကြောင်းသိရှိရပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
