သက်တံ့
၈. ၃. ၂၀၂၆
အီရန်ကို အစ္စရေးနှင့် ပူးပေါင်းတိုက်ခိုက်သော စစ်ပွဲအတွင်း အမေရိကန်ပြည်ထောင်စုအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် စစ်သည်တော် ၆ ဦးအတွက် ဝမ်းနည်းပူဆွေးမှုနှင့် ဂုဏ်ပြုစကားများကို သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် အိမ်ဖြူတော် (The White House) က ယခု ပူးတွဲထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကျဆုံးသွားသော စစ်သည်များသည် နိုင်ငံ့အတွက် အကောင်းဆုံး ပေးဆပ်ခဲ့သူများဖြစ်ကြောင်းနှင့် ၎င်းတို့၏ စွန့်လွှတ်စွန့်စားမှုများကို နိုင်ငံက အစဉ်အမြဲ အောက်မေ့ သတိရနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒီကျဆုံးသွားတဲ့ စစ်သည်တော် ခြောက်ဦးဟာ ကျွန်ုပ်တို့နိုင်ငံအတွက် အစွမ်းကုန် ပေးဆပ်သွားခဲ့ကြတဲ့ အမေရိကန်ရဲ့ အကောင်းဆုံးသော ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တာဝန်ကျေပွန်မှုနဲ့ ပေးဆပ် စွန့်လွှတ်မှုတွေကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။လွတ်လပ်မှုဆိုတာ အလကားရတာ မဟုတ်ပါဘူး။ ဘုရားသခင်က သူတို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ အမေရိကန်ပြည်ထောင်စုကို ကောင်းချီးပေးပါစေ”ဟု ထုတ်ပြန် ဖော်ပြခဲ့သည်။
အိမ်ဖြူတော်က တရားဝင်ထုတ်ပြန်လာသည့် ဓာတ်ပုံများ၌ စစ်သည်တော်များ၏ ရုပ်အလောင်းများကို နိုင်ငံတော်အဆင့် ဂုဏ်ပြုသယ်ဆောင်လာသည့် မြင်ကွင်းများနှင့်အတူ ထရမ့်ပ်က ကျဆုံး စစ်သည်များအား အလေးပြုနေသည့် ပုံများကိုလည်း တွေ့မြင်ရသည်။
ကျဆုံးစစ်သည်တော် ခြောက်ဦး၏ ရုပ်အလောင်းများကို အမိမြေသို့ ပြန်လည်သယ်ဆောင်မှု နိုင်ငံတော်အဆင့် အခမ်းအနားသို့ သမ္မတ ထရမ့်ပ်နှင့် သမ္မတကတော်၊ ဒုတိယသမ္မတ ဗန့်စ်နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။ အီရန်စစ်ပွဲအတွင်း ယခုပြန်လည်သယ်ဆောင်လာသည့် ကျဆုံးစစ်သည်တော် ခြောက်ဦးမှာ Major Jeffrey R. O’Brien (ဗိုလ်မှူး ဂျက်ဖရီ အာရ် အိုဘရိုင်ယန်)၊ Capt. Cody A. Khork (ဗိုလ်ကြီး ကိုဒီ အေ ကော့ခ်)၊ Sgt. 1st Class Nicole M. Amor (တပ်ကြပ်ကြီး နီကိုး အမ် အာမို)၊ Chief Warrant Officer 3 Robert M. Marzan (အရာခံဗိုလ် ၃ ရောဘတ် အမ် မာဇန်)၊ Sgt. 1st Class Noah L. Tietjens (တပ်ကြပ်ကြီး နိုအာ အယ်လ် တစ်ဂျန်စ့်) နှင့် Sgt. Declan J. Coady (တပ်ကြပ် ဒီကလန် ဂျေ ကိုဒီ) တို့ဖြစ်သည်။

ဤမြင်ကွင်း၏ အခြားတစ်ဖက်တွင်မူ အီရန်- အမေရိကန်-အစ္စရေးစစ်ပွဲအတွင်း ကျဆုံးစစ်သည်များ၌ ရွှေ့ပြောင်းဒုက္ခသည်မြန်မာနွယ်ဖွား Saw Eh Kaw Ku ပါဝင်ကျဆုံးကြောင်း သတင်းမှားထုတ်လွှင့်နေသည်ကို တွေ့မြင်ရသည်။ ဖြစ်စဥ်အမှန်မှာမူ အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းခွင့်ရသော ရွှေ့ပြောင်း မြန်မာတိုင်းရင်းသား Saw Eh Kaw Ku သည် ၂၀၀၇ ခုနှစ်တွင် မွေးဖွားပြီး အသက် ၁၈ နှစ်ကျော်သာရှိသေးသည့်၊ အမေရိကန်စစ်တပ်တွင် သင်တန်းတက်ရောက်ဆဲသူသာဖြစ်ကာ သင်တန်းကာလမပြီးဆုံးမီ၊ အီရန်စစ်ပွဲမစတင်မီ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ Saw Eh Kaw Ku သည် Trainee ကာလအတွင်း သေဆုံးပြီး မတ် ၆ ရက်မှ သင်္ဂြိုဟ်သော်လည်း စစ်တပ်ထုံးစံအရ အခမ်းအနားဖြင့် သင်္ဂြိုဟ်ပေးသည်ကို အီရန်စစ်ပွဲတွင် ကျဆုံးသည်ဟု Lobby များက ကိုယ့်လူကိုယ်ဂုဏ်မြှင့်ကာ သတင်းမှား ထုတ်လွှင့်နေခြင်းလည်းဖြစ်သည်။
