နေမိုး
၈. ၃. ၂၀၂၆
လက်နက်မဲ့ပြည်သူငါးဦးကို PDF များက သတင်းပေး၊ ဒလန် တံဆိပ်ကပ်ကာသတ်ဖြတ်လိုက်မှုကြောင့် သုံးဦး ပွဲချင်းပြီး သေဆုံးကာ နှစ်ဦး ဒဏ်ရာရမှု တစ်နေ့တာအတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၅ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျီးသာအိုင့်ကျေးရွာနေ ဦးအောင်နိုင်(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ရှစ်ဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်နိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ သငှါးကျေးရွာနေ ဦးအောင်မင်းစိုး(ခ)မောင်စိုး(၄၈)နှစ်သည် ၎င်း၏ညီမဖြစ်သူ ဒေါ်သီသီခိုင်(၄၆)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ ဦးမျိုးမြင့်ခိုင်(၄၁)နှစ်နှင့် ဦးဇော်လင်းထွန်း (၃၈)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
