MT News
၈. ၃. ၂၀၂၆
တာမွေမြို့နယ်၊ ယုဇနပလာဇာအနီး၊ ယုဇနအိမ်ရာ၊ အောင်မင်္ဂလာလမ်းထိပ်ရှိ ချိန်ကင်းရွှေဆိုင်ကို ရဲအရာရှိအယောင်ဆောင်ကာ ဓားပြတိုက်ရန် ကြံစည်မှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည်ဟု ကနဦး သိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၉ နာရီခွဲခန့်အချိန် ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဥ် ရဲအရာရှိအယောင်ဆောင်ထားသူတစ်ဦး ဝင်လာပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးကို လက်ထိပ်ခတ်ကာ သက်သေခံပစ္စည်းသိမ်းမည့်အသွင်ဖြင့် ခင်းကျင်းထားသော ရွှေထည်များ လုယက်ရန် ပြင်ဆင်စဥ် လက်ထိပ်ခတ်ခံရသော အမျိုးသမီးငယ်က ဆိုင်ပြင်ထွက်ပြေးကာ အော်ဟစ်အကူအညီတောင်းသဖြင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းချိန် ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဖြစ်စဥ်ကိုသိရှိသူတစ်ဦးက ဆိုသည်။
ထိုဖြစ်စဥ်တွင် ရဲအယောင်ဆောင်သူမှာ တစ်ဦးတည်းလာခြင်းဖြစ်သော်လည်း ဖြစ်စဥ်အပြီး ခွေးဘီလူးကားဖြင့် လူနှစ်ဦးက အရိပ်အကဲကြည့်သည့်အခြေအနေလည်းဖြစ်ပွားခဲ့သလို အယောင်ဆောင်သူကလည်း တာမွေရဲစခန်းမှ ဒုရဲအုပ်အောင်ဘိုဘိုဟု မိတ်ဆက်ခဲ့ကြောင်း၊ အသက် ၂၀ ဝန်းကျင် အင်္ကျီအမည်း၊ ဘောင်းဘီအမည်းဝတ်ဆင်ထားကြောင်း ချိန်ကင်းရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဥ်အပေါ် MT News သတင်းဌာနက တာမွေမြို့နယ်ရဲစခန်းမှ ယနေ့ တာဝန်မှူးဟုသိရှိရသည့် ရဲအရာရှိထံ ဆက်သွယ်မေးမြန်းရာ ဖြေဆို၍ မရကြောင်း တုံ့ပြန်ခဲ့သလို ရဲတပ်ဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုအခြေအနေအပေါ် ချိန်ကင်းရွှေဆိုင်က လူမှုကွန်ရက်တွင် ကြေညာထားသော ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး ရဲစခန်းသို့ သမီးဖြစ်သူနှင့် သားမက်ဖြစ်သူသွားနေကြောင်း၊ စစ်ဆေးဆောင်ရွက်ပေးနေမှု မသိရသေးကြောင်း ဖြေဆိုသည်။
သို့သော် ယနေ့ ညနေပိုင်းတွင်မူ ချိန်ကင်းရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုင်ဖွင့်လှစ်ချိန်တွင် ဝန်ထမ်းအမျိုးသမီးငယ်နှင့် ဆိုင်မန်နေဂျာရှိကြောင်း၊ ရဲအယောင်ဆောင်သူက ဆိုင်မန်နေဂျာကို ရွှေတုရောင်းဝယ်မှုဖြင့် စခန်းသို့လာရောက်ရှင်းရန် ကနဦးပထုတ်ပြီးမှ လုယက်ရန် ကြံစည်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအမျိုးသမီးငယ်ကို လက်ထိပ်ခတ်ကာ အတွင်းဘက် ဆွဲခေါ်သွားချိန် ဆိုင်ဝန်ထမ်းအမျိုးသမီးက ရဲတပ်ဖွဲ့ဝင်သာစစ်မှန်ပါက ထိုသို့လုပ်မည်မဟုတ်ဟု ရိပ်မိသဖြင့် ရုန်းကန်ကာ ရှေ့သို့ထွက်၍ အကူအညီတောင်းရာမှ ပတ်ဝန်းကျင်က ဝိုင်းဝန်းချိန် ကျူးလွန်သူက ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ယင်းထံမှ လက်ထိပ်နှစ်စုံနှင့် ဖုန်းကျန်ခဲ့ပြီး ထိုဖုန်းမှာ ဆိုင်မန်နေဂျာကို ဆက်သွယ်သည့် ဖုန်းဖြစ်နေကြောင်း၊ အမှုဖွင့်လှစ် စစ်ဆေးခြင်းမပြုပါက ထပ်မံကျူးလွန်မည်ကို စိုးရိမ်ကြောင်း၊ လက်ရှိတွင်မူ စစ်ဆေးဆောင်ရွက်ပေးမည်ဟု သိရကြောင်း ယနေ့ဖြစ်ပွားသည့် အမှုဖြစ်စဥ်အပေါ် MT News ထံသို့ ယခုညနေပိုင်းတွင် ထပ်မံပြောကြားသည်။
