သက်တံ့
၈. ၃. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဟန်ဒေါင်းမြို့နယ်မှ ကြက်မောက်သီးခြံတစ်ခုအတွင်းရှိ အိမ်တစ်လုံးထဲတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သံသယဖြစ်ဖွယ် သေဆုံးနေမှုကို ချင်းမိုင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူနှင့် နီးစပ်သူ အများအပြားကို စစ်ဆေးမေးမြန်းလျက်ရှိသည်။
သေဆုံးသူမှာ အမည်ရင်း အူဆာ (ခေါ်) ပရောင်း (Ms. Usa / Praew) အသက် ၂၁ နှစ်ဖြစ်ပြီး ချင်းမိုင်ရှိ ဘားတစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ ဝင်းဟန်း (Wiang Haeng) မြို့နယ် ဇာတိဖြစ်သည်။ သူမကို မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဟန်ဒေါင်းမြို့နယ်၊ နမ်ဖရေးတိုက်နယ်၊ ကြက်မောက်သီးခြံတစ်ခုအတွင်းရှိ အိမ်တစ်လုံးတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ဟန်ဒေါင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ သေဆုံးသူ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် အဝတ်အစားများ မရှိတော့ဘဲ လည်ပင်းတွင် ညှစ်သတ်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသည်ဟု ဆိုသည်။ သူမ သေဆုံးနေသည်မှာ နှစ်ရက်ခန့် ရှိပြီဟု စုံစမ်းစစ်ဆေးသူများက ယူဆထားကြသည်။
ပရောင်းသည် အလောင်းမတွေ့ရှိမီ သုံးရက်ခန့်ကပင် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဆွေမျိုးများ၏ ပြောပြချက်အရ သူမသည် အမူအကျင့် ကောင်းမွန်သူဖြစ်ပြီး အလုပ်ပြီးပါက အိမ်သို့ ပုံမှန်ပြန်လေ့ရှိကာ မည်သူနှင့်မျှ ပြဿနာဖြစ်ပွားဖူးခြင်း မရှိကြောင်း သိရသည်။ ရဲအရာရှိများသည် တရားခံကို ဖော်ထုတ်နိုင်ရန် အနီးနားရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေပြီး မုဒိမ်းပြုကျင့်ခံရခြင်းရှိမရှိအပါအဝင် သေဆုံးရမှုဖြစ်စဥ်အသေးစိတ်အတွက် ချင်းမိုင်ရှိ မဟာရတ်နခွန်ဆေးရုံ၏ (Maharaj Nakorn Chiang Mai Hospital) မှုခင်းဆေးစစ်ချက် ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
◾ ဆွေမျိုးများနှင့် ရွာသားများ ရဲစခန်းသို့ သွားရောက်အားပေး
ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ဝင်းဟန်းမြို့နယ်မှ ဆွေမျိုးများနှင့် ဒေသခံ ၁၀၀ ကျော်တို့သည် အမှုအခြေအနေကို စုံစမ်းရန်နှင့် စုံစမ်းစစ်ဆေးသူများကို အားပေးကူညီရန် ဟန်ဒေါင်းရဲစခန်းသို့ သွားရောက်ခဲ့ကြသည်။ ထို့ပြင် စုံစမ်းစစ်ဆေးရေးတွင် ပါဝင်နေသော အရာရှိများအတွက် လက်ဆောင်ခြင်းများလည်း ပေးအပ်ခဲ့ကြသည်။
ဟန်ဒေါင်းရဲစခန်းမှူး ရဲမှူးကြီး Chakrayut Chotiwachiraphong က အဆိုပါအဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် အမှုကို အစွမ်းကုန် ဖော်ထုတ်နေကြောင်း သေဆုံးသူ၏ မိသားစုအား ကတိပေးခဲ့သည်။
ပရောင်း၏ မိဘများက ၎င်းတို့၏ သမီးဖြစ်သူ ရုပ်အလောင်းကို ဆေးရုံတွင် သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။ သမီးဖြစ်သူ၏ မျက်နှာတွင် ရောင်ရမ်းနေပြီး မျက်လုံးနှင့် နှုတ်ခမ်းတစ်ဝိုက်တွင် ညိုမည်းဒဏ်ရာများ ရှိနေကာ လည်ပင်းတွင်လည်း ညှစ်သတ်ခံထားရသည့် သို့မဟုတ် လက်ဝတ်ရတနာများကြောင့် ဖြစ်ပေါ်သည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု ဆိုသည်။ မိသားစုဝင်များအနေဖြင့်လည်း တရားဝင် ရင်ခွဲစစ်ဆေးချက် ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
သေဆုံးသူ၏ မိဘများက ၎င်းတို့၏ သမီးဖြစ်သူ ချင်းမိုင်တွင် နေထိုင်သည့် ဘဝအသေးစိတ်ကို များများစားစား မသိရှိကြောင်းနှင့် တရားခံကို ဖမ်းဆီးပေးရန် တောင်းဆိုခဲ့ကြသည်။ “ကျွန်မတို့ သမီးကို ဘာကြောင့် သတ်ခဲ့တာလဲဆိုတာ သိချင်ပါတယ်” ဟု ၎င်းတို့က ပြောကြားခဲ့သည်။
ဝင်းဟန်းမြို့နယ်မှ လူထုခေါင်းဆောင်များ၏ ပြောကြားချက်အရ ရွာသား ၃၀၀ ခန့်မှာ ချင်းမိုင်သို့ လာရောက်ခဲ့ကြပြီး အချို့မှာ ဆေးရုံသို့၊ အချို့မှာ ရဲစခန်းသို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့သည် ရဲတပ်ဖွဲ့ကို ဖိအားပေးရန် ရည်ရွယ်ချက်မရှိဘဲ အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်နေသော အရာရှိများကို အားပေးရန်သာ ဖြစ်သည်ဟု ဆိုသည်။
◾ စုံစမ်းစစ်ဆေးခံနေရသူ ၅ ဦးရှိ
အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့၊ ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့နှင့် ဒေသခံ ရဲအရာရှိများ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လက်ရှိတွင် သံသယဖြစ်ဖွယ်ရှိသူ ၅ ဦးကို စစ်ဆေးနေသည်။ ယင်းတို့ထဲတွင် သေဆုံးသူ၏ လက်ရှိရည်းစား၊ ရည်းစားဟောင်း၊ သူမအိမ်ငှားနေထိုင်သည့် မြေပိုင်ရှင်နှင့် သံသယရှိသူများနှင့် နီးစပ်သည်ဟု ယူဆရသူ အခြား ၂ ဦးတို့ ပါဝင်သည်။
ရဲတပ်ဖွဲ့သည် “ဖိုင်” (Fai) ဟု အမည်ရသော လက်ရှိရည်းစားကို စစ်ဆေးမေးမြန်းပြီး ဖြစ်သည်။ သူက သေဆုံးသူနှင့် မတ်လ ၃ ရက်နေ့တွင် နောက်ဆုံးတွေ့ခဲ့ပြီးနောက်ပိုင်း Line မှတစ်ဆင့် ဆက်သွယ်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့သည်။ စစ်ဆေးမေးမြန်းပြီးနောက် ဖိုင်ကို ပြန်လွှတ်ပေးခဲ့သည်။
စစ်ဆေးမေးမြန်းခံရသူ အခြားတစ်ဦးမှာ အိမ်ရှင် “အားဝမ်” (Ah Wang) ဖြစ်ပြီး သူ၏ ထွက်ဆိုချက်မှာ စုံစမ်းစစ်ဆေးရေးအတွက် အသုံးဝင်သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့သည် သေဆုံးသူ၏ ရည်းစားဟောင်း “ဂျိမ်းစ်” (James) ကိုလည်း လိုက်လံရှာဖွေနေသည်။ ဂျိမ်းစ်သည် အတူရှိစဉ်က သေဆုံးသူကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ဖူးသူဖြစ်သဖြင့် ၎င်းကို စစ်ဆေးမေးမြန်းရန် ရှာဖွေနေခြင်း ဖြစ်သည်။
ထို့အပြင် အခင်းဖြစ်ပွားရာနေရာ အနီးအနားတွင် ရှိနေခဲ့သည်ဟု ယူဆရသူ အခြား ၂ ဦးကိုလည်း စုံစမ်းစစ်ဆေးသူများက မေးမြန်းလျက်ရှိသည်။
ရဲတပ်ဖွဲ့၏ ယူဆချက်အရ အခင်းဖြစ်ပွားရာနေရာသည် စုံစမ်းစစ်ဆေးသူများကို လမ်းလွဲစေရန် ဖန်တီးထားခြင်း ဖြစ်နိုင်ပြီး တရားခံမှာ သေဆုံးသူနှင့် ရင်းနှီးသူ ဖြစ်နိုင်သည်ဟု ဆိုသည်။ သေဆုံးသူ၏ လက်ကိုင်ဖုန်း ၂ လုံး ပျောက်ဆုံးနေသော်လည်း အခြား အဖိုးတန်ပစ္စည်းများကိုမူ ထိတွေ့ထားခြင်း မရှိသည်ကို တွေ့ရသည်။
ရဲမှူးကြီး Chakrayut က ဖမ်းဝရမ်းမထုတ်မီ သက်သေအထောက်အထားများ စုဆောင်းကာ မှုခင်းဆေးစစ်ချက်များကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။ ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲချုပ် Yutthana Kaenchan က သံသယရှိသူများကို ဖော်ထုတ်ထားပြီးဖြစ်သော်လည်း ဖမ်းဝရမ်းမလျှောက်ထားမီ သက်သေအထောက်အထားများ ခိုင်လုံစေရန် အရင်ဆုံး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Khaosod
