၉. ၃. ၂၀၂၆
Written by Nyein Kyaw
မြန်မာ – ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်သော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဂျိုင်း(ဇာသပြင်) တံတားအသစ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အတ္တရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားများအား ယနေ့ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားရိုးရာအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ၊ ဂျိုင်း(ဇာသပြင်)တံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က မင်္ဂလာအချိန်တွင် ဂျိုင်း(ဇာသပြင်) တံတားအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ဂျိုင်း(ဇာသပြင်)တံတားအသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၂,၆၁၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား၊ ရေလမ်းကင်းလွတ် အကျယ် ၇၅၀ ပေနှင့် အမြင့် ၄၀ ပေ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ အတ္ထရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က အတ္ထရံတံတားအသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
အတ္ထရံတံတားသစ်သည်လည်း သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၁,၅၇၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား၊ ရေလမ်း ကင်းလွတ်အကျယ် ၄၀၀ ပေ၊ အမြင့် ၄၀ ပေရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းလူမှုစီးပွားဘဝများနှင့် ပြည်တွင်း /ပြည်ပ စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းတံတားများကို အသုံးပြု၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်သို့လည်း ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်သကဲ့သို့ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်း နိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
